ခင်ဦးမြို့နယ် ညောင်ကုန်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွား လူနေအိမ် ၆ လုံး မီးလောင်ဆုံးရှုံး

ခင်ဦး  ၁၅   ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၆ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း​ ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ထံမှ သိရသည်။

 

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၅ ရက် နံနက် (၁) နာရီခန့်က ခင်ဦးမြို့နယ် ရွာသစ်ကြီးကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာတွင် မီးလောင်နေကြောင်း သတင်းအရ ခင်ဦးမြို့နယ် မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်သူခနှင့် ရွှေဘိုမြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဆာမူအဲလ် ဦးဆောင်၍  မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၃ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀) ဦး၊ ရဲတပ်ဖွဲ့ဝင် (၁၃) ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်(၅) ဦး၊ ကျေးရွာနေပြည်သူ (၁၀၀)ဦး တို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီခွဲတွင် မီးငြှိမ်းသွားကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရခြင်းမှာ ဦးမြအေး (၄၈ နှစ်) ၏ နေအိမ်ရှိ မီးဖိုခန်း မီးကြွင်းမီးကျန်မှ ထရံသို့ကူးစက်၍ မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုကြောင့် ဦးမြအေး၏ ( ၁၅ × ၂၄ ) ပေ သွပ်မိုး ထရံကာ မြေစိုက်နှစ်ထပ်နေအိမ်တစ်လုံး အပါအဝင် စုစုပေါင်း လူနေအိမ် ၆ လုံးမီးလောင် ဆုံးရှုံခဲ့​ပြီး၊ ဦးမြအေးတွင် မျက်နှာ ခြေထောက်နှင့် လက်တို့ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးမြအေးကို ခင်ဦးမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

မိုးသောက်(ရွှေဘို)