လှိုင်းဘွဲမြို့နယ် ထီလုံ-ဘားအံသွား ကားလမ်းမပေါ်တွင် ဝါယာရှော့ဖြစ်၍ ကုန်တင်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွား

လှိုင်းဘွဲ   ၁၄   ဖေဖော်ဝါရီ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထီလုံ-ဘားအံသွား ကားလမ်းမပေါ် နော်သငဲ့ကျေးရွာအနီးတွင် ယနေ့ ညနေ ၄ နာရီ ၂၅ မိနစ်တွင် ဝါယာရှော့ဖြစ်၍ (၁၂)ဘီး ကုန်တင်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ ထီလုံဘက်မှ ဘားအံဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် MOI 4E------ သည် နော်သငဲ့ကျေးရွာအနီး မိုင်တိုင်အမှတ် (14.6KM) နှင့် (14.7KM) အကြား အရောက်တွင် မော်တော်ယာဉ်မှာ ဝါယာရှော့ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ လှိုင်းဘွဲမြို့နယ် မီးသတ်ဦးစီးမှူး ဦးမောင်ညွန့် ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင် (၈)ဦး မော်တော်ယာဉ်(၂)စီး၊ ထီလုံနယ်မြေစခန်းမှူး ရဲအုပ် ရဲမင်းထွန့် ဦးစီးကာ တပ်ဖွဲ့ဝင်(၁၀)ဦး၊ ထီလုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးခွန်အောင်ဝင်း၊ သမ္ဘာန်ကျေးရွာစာရေး ဦးစောထွန်းအောင်တို့မှ ပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ မိနစ် ၄၀ တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

အဆိုပါ  မော်တော်ယာဉ်မောင်းနှင်သူမှာ ထွက်ပြေး တိမ်းရှောင်ခဲ့သဖြင့် စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရှိရသည်။        

 

ခင်စန်းမြင့်(ပြန်/ဆက်)