MNL ပွဲစဉ် (၆) တွင် ထိပ်ဆုံးမှ ဟံသာဝတီအသင်း ပွဲကျပ်ကစားရမည်

ရန်ကုန်  ၁၃ ဖေဖော်ဝါရီ

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၆)ကို ယခုတစ်ပတ် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ ဟံသာဝတီအသင်း ပွဲကျပ်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 

ပွဲစဉ် (၆) အဖြစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီအသင်းနှင့် ရတနာပုံအသင်း၊ ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် မကွေးအသင်း၊ သုဝဏ္ဏကွင်း၌ ချင်းယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်း၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၊ မန္တလာသီရိကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် စစ်ကိုင်းအသင်း၊ မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ဇယားထိပ်ပိုင်းမှ အသင်းများအနက် ဟံသာဝတီအသင်းနှင့် ရခိုင်အသင်းသာ အိမ်ကွင်းကစားရမည်ဖြစ်ပြီး ရန်ကုန်၊ ဧရာဝတီနှင့် ရှမ်းယူနိုက်တက်အသင်းတို့မှာ အဝေးကွင်း ဆက်လက်ကစားရမည်ဖြစ်သည်။ ရာနှုန်းပြည့် အနိုင်ရလဒ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေသည့် ဟံသာဝတီအသင်းသည် ရတနာပုံအသင်းနှင့် ပွဲကျပ်ကစားရမည်ဖြစ်ပြီး ခြောက်ပွဲဆက်အနိုင်ရရန် ပိုမိုရုန်းကန်ရမည်ဖြစ်သည်။

 

3

 

ရတနာပုံအသင်းသည် ပြည်တွင်းကစားသမားများဖြင့် ဖွဲ့စည်းထားသလို နောက်ဆုံးလေးပွဲဆက် နိုင်ပွဲမရသေးသော်လည်း လက်ရွေးစင်ကစားသမားများဖြစ်သည့် အောင်သူ၊ လှိုင်းဘိုဘို၊ စည်သူအောင်၊ မျိုးကိုထွန်းတို့ ရှိနေသောကြောင့် ဟံသာဝတီအသင်းကို အကောင်းဆုံး တုံ့ပြန်နိုင်မည်ဖြစ်သည်။

 

အိမ်ကွင်းငါးပွဲဆက် ကစားထားသည့် ဧရာဝတီအသင်းသည် ယခုရာသီ ပထမဆုံးအဝေးကွင်းပွဲ ကစားရမည်ဖြစ်ပြီး AFC Cup ကစားထားရသည့် ရန်ကုန်နှင့် ရှမ်းယူနိုက်တက်အသင်းတို့မှာလည်း အဝေးကွင်း ကစားရမည်ဖြစ်သည်။

 

ပွဲစဉ် (၅) အပြီးတွင် ဟံသာဝတီအသင်းက ၁၅ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရန်ကုန်နှင့် ဧရာဝတီအသင်းက ၁၃ မှတ်စီ၊ ရခိုင်အသင်းက ၁၀ မှတ်၊ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ကိုးမှတ်၊ စစ်ကိုင်းအသင်းက ခုနစ်မှတ်၊ ရတနာပုံနှင့် မကွေးအသင်းက ငါးမှတ်စီ၊ ချင်းယူနိုက်တက်အသင်းက လေးမှတ်၊ အားကာသိပ္ပံအသင်းက သုံးမှတ်၊ ဇွဲကပင်အသင်းက တစ်မှတ်ရထားပြီး Southern အသင်းမှာမူ ငါးပွဲစလုံးရှုံးပြီး အမှတ်မရသေးပေ။

 

သတင်း- ညီမြတ်သော်တာ

ဓာတ်ပုံ- စိုးညွန့်