ပါမောက္ခချုပ်ဖလား ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၁၃ ဖေဖော်ဝါရီ

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ်ဖလား ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ အားကစားအသင်းများက အားကစားကွင်း အတွင်း ဝင်ရောက်နေရာယူကြပြီး ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်နှင့် ဒုတိယပါမောက္ခချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ အမျိုးသားပွဲအဖြစ် ပန်းပုအသင်းနှင့် ပန်းချီအသင်း၊ အမျိုးသမီးပွဲတွင် ဂီတအသင်းနှင့် သဘင်အသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။ 

ပါမောက္ခ ချုပ်ဖလားဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အမျိုးသား(၇)သင်း၊ အမျိုးသမီး(၃)သင်း စုစုပေါင်း(၁၀)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၇ ရက်ထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများ ကျန်မာပျော်ရွှင်စွာဖြင့် ပညာသင်ကြားမှုကို အထောက်အကူဖြစ်ပြုစေရန်၊ ကျောင်းသား၊ ကျောင်းသူအချင်းချင်း စည်းလုံးညီညွတ်၍ ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် စစ်မှန်သောအားကစားစိတ်ဓာတ် အပြည့်အဝဖြင့် အားကစားကိုချစ်မြတ်နိုးတတ်စေရန်၊ တက္ကသိုလ်အဆင့် ထူးချွန်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဘောလုံးပြိုင်ပွဲကို နှစ်စဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်