AFC Cup ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း အိမ်ကွင်း၌ရှုံးနိမ့်

၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စု (H) ပထမနေ့အဖြစ် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းနှင့် ဖိလစ်ပိုင်ကလပ် ကာယာအသင်းတို့ ယနေ့ညနေပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ ရှမ်းယူနိုက်တက်အသင်း နှစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် အိမ်ကွင်း၌ ခြေအသာဖြင့် ကစားနိုင်သော်လည်း ပထမပိုင်းတွင် တိုက်စစ်ကစားပုံ အမှားအယွင်းများခြင်း၊ အဆုံးသတ်အားနည်းခြင်းတို့ကြောင့် အဖွင့်ပွဲမှာပင် အရေးနိမ့်ခဲ့ပြီး ရုန်းကန်ရတော့မည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် AFC Cup ပြိုင်ပွဲ၌ သုံးရာသီဆက်တိုက် ယှဉ်ပြိုင်ခွင့်ရသော်လည်း ရလဒ်ဆိုးရွားနေမှုကို ရပ်တန့်နိုင်ခြင်းမရှိဘဲ  စုစုပေါင်း ၁၃ ပွဲမြောက်တွင် ၁၂ ပွဲမြောက် ရှုံးပွဲကြုံတွေ့ခဲ့သည်။ ကာယာအသင်းမှာမူ ရှမ်းယူနိုက်တက်အသင်းကို ခြေမသာသော်လည်း မိနစ် ၇၀ နောက်ပိုင်း သွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းတွင် အဓိကကစားသမားအချို့ ဒဏ်ရာရနေသောကြောင့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး နိုင်ငံခြားသားတိုက်စစ်မှူး ကိသ်မာတူနာမပါနိုင်သည့် တိုက်စစ်မှာ သိသိသာသာအားပျော့ခဲ့သည်။ ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ပိုဖိကစားနိုင်သော်လည်း ကာယာအသင်း၏ ခံစစ်ကစားပုံကို ကျော်ဖြတ်နိုင်ခြင်းမရှိသည့်အပြင် တိုက်စစ်ဆင်မှုများမှာလည်း အမှားများနေသောကြောင့် ထိရောက်သည့်ဂိုးသွင်းခွင့်မရခဲ့ပေ။ 

အထောင်တိုက်စစ်မှုူးအဖြစ် ကစားသည့် ထက်ဖြိုးဝေမှာလည်း ခြေစွမ်းမပြနိုင်၍ ရှမ်းယူနိုက်တက်အသင်း ပထမပိုင်းတွင် ဂိုးပေါက်ပျောက်ဆုံးကာ ဂိုးမရှိသရေကျနေသည်။ ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ဇွဲသက်ပိုင်အစား ဇင်မင်းထွန်းကိုထည့်ကာ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဂိုးသွင်းခွင့်များရလာခဲ့သည်။ 

အဘူဘာကာ၏ အနီးကပ်ကန်ချက် တိုင်ထိထွက်သွားသလို နန္ဒကျော် ထပ်ဆင့်ပိတ်သွင်းရာတွင်လည်း လွဲချော်ခဲ့၍ ရှမ်းယူနိုက်တက်အသင်း နစ်နာခဲ့ရသည်။ ကစားသမားအများစု ပုံမှန်ခြေမရသည့် ရှမ်းယူနိုက်တက်အသင်းသည် မိနစ် ၇၀ နောက်ပိုင်းတွင် ကာယာအသင်း၏ သွင်းဂိုးများကို ခွင့်ပြုခဲ့ရသည်။ ၇၄ မိနစ်တွင် ပေးလိုက်ရသည့်ပယ်နယ်တီမှာ ပွဲ၏အလှည့်အပြောင်းဖြစ်ခဲ့ပြီး ဘီဒစ်က အမှားအယွင်းမရှိကန်သွင်းခဲ့၍ ကာယာအသင်း အဖွင့်ဂိုးရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်း ချေပဂိုးပြန်ရရန် ကြိုးပမ်းသော်လည်း အလုပ်မဖြစ်ဘဲ ၈၅ မိနစ်တွင် ဂျီဂန်တိုက ဒုတိယဂိုးသွင်းယူကာ ကာယာအသင်းကို အမှတ်ပြည့်ရစေခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုဒုတိယပွဲကို အဝေးကွင်းကစားရမည်ဖြစ်ရာ နိုင်ပွဲပြန်ရရန် ရုန်းကန်ရတော့မည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်