``သောင်းတိုက်က ကြားစေသား´´ရုပ်ရှင်ဇာတ်ကား ဇန်နဝါရီ ၃၀ ရက်မှ စတင်ကာ တစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်

ရန်ကုန်  ၂၇ ဇန်နဝါရီ 

ပန်းသခင် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်သော ဒါရိုက်တာ အကယ်ဒမီ ထွန်းအောင်ဇော် ရိုက်ကူးတင်ပြထားသည့် ``သောင်းတိုက်က ကြားစေသား´´ ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြို မိတ်ဆက်ပွဲအဖြစ် အဆိုပါရုပ်ရှင် ဇာတ်ကားကို ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန်မြို့ရှိ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်မှ စတင်ကာ တစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင် ရုံကြီးများတွင် ပြသသွားမည်ဖြစ်သည်။

 

‌ေ

 

ဒါရိုက်တာ အကယ်ဒမီ ထွန်းအောင်ဇော်က``ဇာတ်လမ်းကိုလည်းကြိုက်တယ်။ ရိုက်ခွင့်လည်း ရတဲ့အချိန်မှာ ကြိုးစားအားထုတ်မှု ပြခွင့်ရတဲ့အနေနဲ့ ဒီကားကို ရိုက်ခဲ့တာပါ။ သရုပ်ဆောင်တွေနဲ့ ဇာတ်လမ်းကိုထူးခြားအောင်ကြိုးစားထားပါတယ်။ ပရိသတ်များများသိရင် ကျေနပ်ပါတယ်´´ ဟုပြောသည်။ 

အဆိုပါဇာတ်ကားတွင် ရန်အောင်၊ လူမင်း၊ ပြေဇင်၊ မြတ်သူကျော်၊ မယ်လိုဒီ၊ ခြူးလေး၊ ဝင်းသပြေထွန်း တို့နှင့် အတူ အုန်းသီး၊ ဦးထင်ပေါ်၊ ဦးကဲသာ၊ ဆင်မ၊ အိမ့်ကြာဖြူ၊ ကိုဖြိုး၊ မြပန်းစံအိမ်၊ ယွန်းအလင်္ကာချို၊ ရန်နိုင်၊ မိုးဖြူ၊ မလုံးတင်၊ ဝိုင်းချစ်၊ ဟေမာမန်းဝင်း၊ ခိုင်သဇင်၊ အိန္ဒြာဖူးဝေ တို့ ပါဝင်သရုပ်ဆောင်ထားသည်။ 

 

‌ေ

 

သရုပ်ဆောင် ဝင်းသပြေထွန်းက ``ထန်းတက်သမားတစ်ဦးရဲ့ အမျိုးသမီး နေရာက ပါဝင်ထားတာပါ။ ကိုယ်ဝန်ဆောင်သည် အမျိုးသမီး တစ်ယောက်အနေနဲ့ သရုပ်ဆောင်ရတာဆိုတော့ ပုံမှန်ဇာတ်ကားတွေနဲ့နည်းနည်းကွဲပါတယ်။ သရုပ်ဆောင်မှု အပိုင်းတွေကို ဒါရိုက်တာက အကုန်သင် ပေးပါတယ်။ ဒီဇာတ်ကားက အမှတ်တရ တွေအများကြီးပါ။ ဘဝအတွက် မှတ်တိုင်တစ်ခုလိုပါပဲ။ ပရိသတ်တွေလည်း ရင်ထဲကိုထိသွားစေမယ့် ဇာတ်ကားပါ´´ဟုပြောသည်။

 

‌ေ

 

သရုပ်ဆောင် ပြေဇင်က ``ဒီဇာတ်ကားမှာ စစ်ဗိုလ်တစ်ဦးအနေနဲ့ ပါဝင်ထားပါတယ်။ မန္တလေးက ဒုဋ္ဌဝတီမြစ်ရှိတဲ့ ခုနစ်မိုင် ကမ်းခြေဘက်မှာရိုက်ထားတာပါ။ ၁၉၈၈-၁၉၉၀ ဝန်းကျင်ကာလလောက်ကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားပါ။ ထူးခြားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်´´ ဟုပြောသည်။ 

မြန်မာနိုင်ငံ သဘင်အစည်းအရုံး ဥက္ကဌ ဖိုးချစ်က အဆိုပါဇာတ်ကားသည် လာရောက်ကြည့်ရှုမည့် ပရိသတ်များအတွက် အချိန်၊ ငွေကြေးနှင့် စိတ်ခံစားမှုများ ဆုံးရှုံးစေမည့် ဇာတ်ကားမျိုးမဟုတ်ကြောင်း၊ ပါဝင်ရိုက်ကူးသူ အားလုံး ယုံကြည်မှုရှိစွာဖြင့် ရိုက်ကူးထားသည့် ဇာတ်ကားမျိုးဖြစ်ကြောင်း ဇာတ်ကားအပေါ် သုံးသပ်ပြောကြားသည်။ 

သတင်း - ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်