ကရင်ပြာသာကျေးရွာတွင် ကရင်နှစ်သစ်ကူးပွဲတော်နေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ညောင်တုန်း ၂၆ ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ကရင်ပြာသာကျေးရွာ၌ ဇန်နဝါရီ ၂၅ ရက် ည ၈ နာရီက ၂၇၅၉ ခုနှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်နေ့ အခမ်းအနားကို ကျင်းပရာ ကရင်စာပေနှင့် ယဥ်ကျေးမှုကော်မတီဥက္ကဋ္ဌ မန်းမောင်ပုတ်က အဖွင့်စကားပြောကြားသည်။

 

3605

 

ထို့နောက် ထိပ်ဝကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းစိန်၊ စာပေရေးရာဟောပြောသူ ဆရာဦးသန်းထွန်းဦး၊ ပွဲတော်ဦးစီးကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ထွန်းအောင်တို့က ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြဟောပြောကြသည်။

“မနက်မိုးလင်း နေဝင်းစတင်ထွက်ပေါ်တဲ့အချိန်မှာ ကရင်ရိုးရာအလံလွှင့်တင် အလေးပြုကြပါတယ်။ ကရင်တိုင်းရင်းသားများရဲ့ စည်းလုံးမှု၊ မျိုးချစ်စိတ်ရှိမှု၊ ရိုးရာဓလေ့ မြတ်နိုးတန်ဖိုးထားတတ်မှုကို ပြသတဲ့ပွဲပါ။ ဟောပြောပွဲအခမ်းအနားကတော့ ခုညပိုင်းမှ စတင်ကျင်းပတာ ဖြစ်ပါတယ်။ နောင်နှစ်တွေမှာလည်း ဆက်လက်ကျင်းသွားဦးမှာပါ”ဟု ကရင်တိုင်းရင်းသူ နန့်အိပိုပိုအောင်က ပြောသည်။

အခမ်းအနားတွင် တာဝန်ရှိသူများက နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဆုရရှိကြသည့် အသင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ နှစ်သစ်ကူးအထိမ်းအမှတ် ကံစမ်းမဲများ ဖွင့်ဖောက်ကံစမ်းပေးခြင်းများ ဆောင်ရွက်ပြီး လာရောက်ဖျော်ဖြေကြသည့် ညောင်တုန်းမြို့နယ် ကရင်စာပေနှင့် ယဥ်ကျေးမှုကော်မတီ ဒုံးယိမ်းအဖွဲ့၊ ဖောင်းရိုးချောင်းကျေးရွာ နေဝင်းနီဒုံးအဖွဲ့၊ ဥတိုကျေးရွာ ရင်သွေးငယ်ဒုံးအဖွဲ့၊ အောင်စားကျက်ဒုံးအဖွဲ့၊ နတ်ပေးဒုံးအဖွဲ့၊ အုန်းပင်စုဒုံးအဖွဲ့၊ ဘုရားကုန်းလူငယ်ဒုံးအဖွဲ့၊ ကရင်ပြာသာကျေးရွာလင်းရောင်ခြည်၊ ငွေပင်လယ်၊ တက်သစ်စရွှေကရင်ဒုံးအဖွဲ၊ အမေများဒုံးအဖွဲ့ စသည့် ဧည့်သည်တော်ဒုံးယိမ်းအဖွဲ့များက ဧည့်ခံတင်ဆက်ခဲ့ကြောင်း သိရသည်။

သပြေထွန်း