မိုင်းဖြတ်၌ (၂၈) ကြိမ်မြောက် စုပေါင်းလားဟူနှစ်သစ်ကူးပွဲတော်၌ ရိုးရာအကပြိုင်ပွဲများနှင့် ကစားနည်းများ ယှဉ်ပြိုင်

မိုင်းဖြတ် ၂၅ ဇန်နဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် လားဟူစာပေနှင့်ယဉ်ကျေးမှု ကော်မတီက စီစဉ်ကျင်းပသည့် (၂၈)ကြိမ်မြောက် စုပေါင်းလားဟူရိုးရာ နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ မြို့မအားကစားကွင်း၌ ကျင်းပခဲ့ရာ ဇန်နဝါရီ ၂၂ ရက် နံနက် ၁၀ နာရီက လားဟူ တိုင်းရင်းသားတို့၏ ရိုးရာအကပြိုင်ပွဲများ၊ ရိုးရာဒိုးစေ့ပစ်ပြိုင်ပွဲများကို ကျင်းပခဲ့သည်။

ရိုးရာအကပြိုင်ပွဲတွင် လားဟူတိုင်းရင်းသားရိုးရာ အကဖြစ်သည့် ထင်းရှူးပင်ကို ဝိုင်းဖွဲ့ကကြသည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း သရုပ်ဖော်အကများ၊ ခေတ်ပေါ်အကပြိုင်ပွဲများနှင့် ရိုးရာကစားနည်း ဖြစ်သည့် ဒိုးစေ့ပစ်ပြိုင်ပွဲများကို မြို့ပေါ်ရှိရပ်ကွက်များနှင့် တောင်ပေါ်ဒေသကျေးရွာများမှ လားဟူ တိုင်းရင်းသားများက အဖွဲ့လိုက်ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့် အဖွဲ့များကို ဇန်နဝါရီ ၂၃ ရက် ည ဆုပေးပွဲအခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)