အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း ဒုတိယအဆင့်ကျေးရွာများအတွက် ထရန်စဖော်မာဝယ်ယူရေး တင်ဒါအောင်မြင်ခဲ့သော Hitachi Soe Electric and Machinery Co., Ltd. နှင့် စာချုပ်လက်မှတ်ရေးထိုး 

နေပြည်တော် ၂၁ ဇန်နဝါရီ 

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၏ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း ဒုတိယအဆင့် ကျေးရွာများအတွက် ထရန်စဖော်မာ ဝယ်ယူနိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တင်ဒါအောင်မြင်ခဲ့သော Hitachi Soe Electric and Machinery Co., Ltd. တို့အကြား စာချုပ်လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

5461

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၁၀ ရယူပြီး အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP) ပထမအဆင့်အနေဖြင့် ဓာတ်အားစနစ်မှ ၂ မိုင်အတွင်း ကျေးရွာ ၅၀၈၀ ကို ဓာတ်အားရရှိရန် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၇ ရက်အထိ စုစုပေါင်း ၁၈၉၁ ရွာတွင် တည်ဆောက်ရေးလုပ်ငန်းများပြီးစီး၍ ၁၀၉၁ ရွာတွင် ဓာတ်အားဖြန့်ဖြူးပေးနေပြီ ဖြစ်ကြောင်း၊ ပထမအဆင့်စီမံကိန်းပြီးစီးပါက ကျေးရွာပေါင်း ၅၀၈၀ ရှိ အိမ်ထောင်စုပေါင်း ၆၂၆၇၅၇ ခန့်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိနိုင်မည်ဖြစ်ကြောင်း။

 

5462

 

တစ်ဆက်တည်း ဒုတိယအဆင့်အနေဖြင့် ဓာတ်အားစနစ်မှ ၅ မိုင်အတွင်း ကျေးရွာ ၄၇၀၀ ကိုလည်း ဓာတ်အားရရှိရန် တစ်ပြိုင်တည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ဒုတိယအဆင့် စာရင်းပါကျေးရွာ ၄၇၀၀ ရွာအတွက် လိုအပ်သော ထရန်စဖော်မာ၊ ကွန်ကရိတိုင်၊ ကြွေသီး၊ ကြိုး၊ လက်တန်းနှင့် ဆက်စပ်ပစ္စည်းများကို ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများအတိုင်း  (International  Competitive Bidding – ICB) ခေါ်ဆိုရန် တင်ဒါ စိစစ်ရေးအဖွဲ့ဖွဲ့စည်း၍ ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ NEP ဒုတိယအဆင့်အတွက် ပစ္စည်းဝယ်ယူရေး တင်ဒါများအနက် ပထမဆုံးဖြစ်ပါကြောင်း၊ NEP ဒုတိယအဆင့်အတွက် ကျေးရွာများအနေဖြင့် ချင်းပြည်နယ်တွင် ၁၁၃ ရွာ၊ မွန်ပြည်နယ်တွင် ၄၂ ရွာ၊ ရခိုင်ပြည်နယ်တွင် ၁၇ ရွာ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ၂၀၁ ရွာ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ၂၀၄ ရွာ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ၁၅ ရွာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၅၅၉ ရွာ၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)တွင် ၅၇၆ ရွာ၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)တွင် ၇၈၅ ရွာ၊ မကွေးတိုင်းဒေသကြီးတွင် ၃၈၆ ရွာ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၄၃၄ ရွာ၊ မန္တလေးတိုင်းဒေသကြီးတွင် ၃၅၅ ရွာနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)တွင် ၁၃ ရွာ၊ စုစုပေါင်း ကျေးရွာ ၄၇၀၀ ကို ဓာတ်အားရရှိနိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး ၎င်းစီမံကိန်း ပြီးမြောက်သွားပါက အိမ်ထောင်စုအရေအတွက် ၅၃၉၆၇၄ စုအား လျှပ်စစ်ဓာတ်အား ရရှိသွားမည် ဖြစ်ပါကြောင်း။

 

5463

 

သို့ဖြစ်ပါ၍ ယခုတင်ဒါအောင်မြင်သည့် ကုမ္ပဏီအနေဖြင့် ထရန်စဖော်မာများအား စာချုပ်ပါ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ပြီး ပေးပို့ရမည့်နေရာများသို့လည်း အချိန်မီပေးပို့နိုင်ရေးအတွက် ထုတ်လုပ်ရေးလုပ်ငန်းများကို ဆောလျင်စွာစတင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဝယ်ယူမည့် နိုင်ငံတော်အဆင့်လုပ်ငန်းဖြစ်ပါ၍ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း ထုတ်လုပ်ပြီး ထရန်စဖော်မာများကိုလည်း သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာနေရာများသို့ ပေးပို့နိုင်ရေးနှင့် အရည်အသွေးကောင်းမွန်စေရေးတို့ကို အလေးထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ အင်ဂျင်နီယာချုပ် ဦးစိုးမင်းထွန်းက NEP စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးကျော်နှင့် Hitachi Soe Electric and Machinery Co., Ltd. မှ ဥက္ကဋ္ဌ ဦးကျော်မင်းထွန်းတို့က စာချုပ်ကို လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ကြသည်။ 

အဆိုပါ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) ပထမအဆင့် ၂ မိုင်အတွင်း ကျေးရွာများနှင့် ဒုတိယအဆင့် ၅ မိုင်အတွင်း ကျေးရွာများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာပေါင်း ၉၇၈၀ ရွာ၊ အိမ်ထောင်စု ပေါင်း ၁၁၆၆၄၃၁ စုရှိ လူဦးရေ ၅ ဒသမ ၅ သန်းခန့်တို့မှ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မည်ဖြစ်ပြီး တစ်နိုင်ငံလုံး နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုရာခိုင်နှုန်း ၁၀ ဒသမ ၇၂ ခန့်အထိ တိုးတက်သုံးစွဲလာနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်