ကော့သောင်းလေဆိပ် တိုးချဲ့အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ကော့သောင်း  ၂၁  ဇန်နဝါရီ

 

ကော့သောင်းလေဆိပ် တိုးချဲ့အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းကို ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပြုလုပ် ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကျော်၊ ကော့သောင်းခရိုင် မြေသိမ်းဆည်းရေးအဖွဲ့ဝင်များ၊ လျော်ကြေးပေးရေးအဖွဲ့ ၊ မြေပြင်စာရင်း ကောက်ယူရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

65

 

အစည်းအဝေးတွင် တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး  ဦးခင်မောင်ကျော်က တနင်္သာရီတိုင်းဒေသကြီး အတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာနေမှုနှင့်အတူ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များအပြင် လေကြောင်းလမ်းအသုံးပြုသည့် အပြည်ပြည်ဆိုင်ရာခရီးသွား ဧည့်သည်များ၊ ပြည်တွင်း ခရီးသွားဧည့်သည်များ တစ်စတစ်စ ပိုမိုလာရောက်ကြသဖြင့် ခရီးသွားများ လွယ်ကူအဆင်ပြေစွာ လေဆိပ်အသုံးပြုနိုင်ရေး ကော့သောင်းလေဆိပ်အား တိုးချဲ့အဆင့်မြှင့်တင်နိုင်ရေး လေဆိပ်တိုးချဲ့မည့် ဧရိယာအတွင်း ပုဂ္ဂလိကပိုင် ဥယျာဉ်ခြံမြေများ၊ ဌာနဆိုင်ရာပိုင်မြေများ၊ လမ်းမြေများ တပ်မတော်ပိုင်မြေများဖြင့် မလွတ်ကင်းသည့် ကိစ္စရပ်များအား တာဝန်ရှိ အဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါ အစည်းအဝေးတွင် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လေဆိပ် တိုးချဲ့ မှုအတွက် လိုအပ်သည့် မြေဧရိယာနှင့် စပ်လျဉ်းသည့် မြေပြင်အခြေအနေများကို ရှင်းလင်း ပြောကြားသည်။ဆက်လက်၍ ကော့သောင်းလေဆိပ်တာဝန်ခံနှင့် လေဆိပ်အဆင့်မြှင့်တင်ရေး စီမံကိန်း ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ  လိုအပ်သည့်အကြံပြုတင်ပြချက်များကို အသီးသီး တင်ပြညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

36

 

လက်ရှိကော့သောင်းလေဆိပ် ဧရိယာ(၁၆၄)ဧကနှင့် လေယာဉ်ပြေးလမ်းအရှည်မှာ ပေ(၆၀ဝ၀)ရှိပြီး နိုင်ငံတကာ လေကြောင်းလိုင်းမှ လေယာဉ်ကြီးများ ဆင်းသက်နိုင်ရန်ထပ်မံ၍ လေဆိပ်ဧရိယာ ဧက(၃၉၀)ကျော်၊ စုစုပေါင်းဧက(၅၅၀) ကျော်အထိနှင့် လေယာဉ်ပြေးလမ်း အရှည်ပေ (၂၅၀ဝ)ကျော်၊ စုစုပေါင်း ပေ(၈၅၀ဝ)ကျော်အထိ  ထပ်မံတိုးချဲ့သွားရန်အစီအစဉ်ရှိကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)