လူငယ်များ ဦးနှောက်သွေးကြောပေါက်ခြင်း

ရေးသားသူ Dr. Htet Htet Zaw Win

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

အသက်လေး ငယ်ငယ်လေးနဲ့ လေဖြတ်သွားတယ်။ ဟိုကလေးမလေးပေါ့ ဟိုနေ့က ဦးနှောက်သွေးကြောပေါက်ပြီးဆုံးသွားတာ စသဖြင့် ပတ်ဝန်းကျင်မှာ ပြောတာကို ကြားဖူးပါသလား။ ကိုယ်က သွေးကြောပေါက်တာ၊ လေဖြတ်တာတွေက လူကြီးတွေနဲ့ပဲဆိုင်တယ်လို့ သိထားတာလေ။ ခုဘယ်လိုဖြစ်ရတာလဲလို့ မသိချင်ဘူးလား။ ဒါဆိုရင်တော့ ဆက်ကြည့်ရအောင်။

 

ဦးနှောက်သွေးကြောပေါက်တာက သွေးကြောဖောင်းရာက ဖြစ်တာပါ။ ဆေးပညာအရ Brain Aneurysm လို့ခေါ်ပါတယ်။ သွေးကြောဖောင်းနေတာလေးက ဘယ်ရီသီးလေး တွဲလောင်းကျနေတာလေးနဲ့ တူလို့ Berry Aneurysmလို့လည်း ခေါ်ပါသေးတယ်။

 

ဘာလို့ဖြစ်ရတာလဲ။

 

ဖြစ်ရတဲ့ အကြောင်းရင်းအတိအကျကိုတော့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် သွေးကြောနံရံတွေ အားပျော့ပြီး သွေးဖိအားဒဏ်ကို မခံနိုင်ဘဲ ဖောင်းလာတယ်၊ ပေါက်လာတယ်လို့တော့ အကြမ်းဖျင်းပြောနိုင်ပါတယ်။ ပြီးတော့ ဒီရောဂါက လူငယ်လူလတ်ပိုင်းတွေမှာ တွေ့ရများပါတယ်။ အမျိုးသမီးတွေမှာပိုဖြစ်ပါတယ်။ ဖြစ်တဲ့အကြောင်းရင်းကို အတိအကျမသိပေမယ့် ဒါတွေရှိရင်တော့ ပိုဖြစ်နိုင်ပါတယ်။

 

မွေးစမှာ

 

-မွေးရာပါ connective tissueရောဂါ: Ehlers-Danlos syndromeဒီရောဂါမှာဆိုရင် သွေးကြောနံရံတွေ အားနည်းပြီး သွေးကြောဖောင်းနိုင်ပါတယ်။

 

–ကျောက်ကပ်အရည်အိတ်တည်ခြင်း

 

-မွေးရာပါ သွေးပြန်ကြောမကြီးကျဉ်းခြင်း

 

-ဦးနှောက်တွင်း သွေးကြောများ ပုံမမှန်ခြင်း

 

-ဦးနှောက်သွေးကြောဖောင်းရောဂါ မျိုးရိုးရှိခြင်း

 

မွေးစမှာ ဦးနှောက်သွေးကြောဖောင်းပြီး ကံကောင်းလို့မပေါက်ခဲ့ပေမယ့် အသက်ကြီးလာတဲ့အခါ ဒါတွေကို သတိထားရမှာပါ။

 

–ဆေးလိပ်သောက်တာ

 

–သွေးတိုးရောဂါရှိတာ

 

–မူးယစ်ဆေးသုံးတာ

 

–အရက်အလွန်အကျွံသောက်တာ

 

-အသက်ကြီးလာလို့ connective tissue အားနည်းတာ

 

တချို့သော သွေးကြောဖောင်းတာတွေကတော့ ဒီတိုင်းနေရင်အကောင်း ခေါင်းကိုထိခိုက်ဒဏ်ရာရပြီးနောက် ဒါမှမဟုတ် သွေးထဲက ရောဂါပိုးတွေ ဦးနှောက်ကို ရောက်လာပြီးတဲ့အခါမှာ ပေါက်တတ်ပါတယ်။

 

ရောဂါလက္ခဏာများ

 

• ဦးနှောက်သွေးကြောပေါက်ခဲ့ရင်

 

-ရုတ်တရက်ခေါင်းကိုက်ပါတယ်။ (ဘဝမှာ အဆိုးဆုံးခေါင်းကိုက်ခြင်းလို့ ပြောလို့ရပါတယ်။)

 

-ပျို့အန်ပါတယ်။

 

-ဇက်ကြောတောင့်ပါတယ်။

 

-အမြင်ဝါးတာ၊ နှစ်ထပ်မြင်တာတွေ ရှိပါတယ်။

 

-အလင်းရောင်မခံနိုင်တာ

 

-တက်တာ

 

-မျက်ခွံလေးကျတာ

 

-သတိလစ်တာ

 

-ကယောင်ကတမ်းဖြစ်တာတွေ ဖြစ်တတ်ပါတယ်။

 

• ဦးနှောက်သွေးကြော သွေးယိုစိမ့်ခဲ့ရင်

 

-ရုတ်တရက်ပြင်းပြင်းထန်ထန် ခေါင်းကိုက်ပါတယ်။ သွေးယိုစိမ့်ပြီးရင် သွေးကြောပေါက်ဖို့ အလားအလာရှိပါတယ်။

 

• မပေါက်ဘဲ သွေးကြောဖောင်းခဲ့ရင်

 

-သွေးကြောဖောင်းတာ သေးရင် ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ကြီးရင်တော့ အနားမှာရှိတဲ့ ဦးနှောက်အသားတွေ၊ အာရုံကြောတွေကိုဖိမိတဲ့အတွက်

 

-မျက်လုံးနောက် ဒါမှမဟုတ် အပေါ်မှာ အောင့်တာ

 

-မျက်စိသူငယ်အိမ်ကျယ်တာ

 

-အမြင်ဝါးတာ နှစ်ထပ်မြင်တာ

 

-မျက်နှာတစ်ခြမ်းထုံတာ စတာတွေပဲ ဖြစ်ပါတယ်။

 

ဒါကြောင့် တစ်ယောက်ယောက်ကများ ရုတ်တရက် ပြင်းပြင်းထန်ထန်ခေါင်းကိုက်မယ်၊ တက်မယ်၊ သတိလစ်သွားတယ်ဆိုရင်အမြန်ဆုံး ဆေးရုံပို့ဖို့ စီစဉ်ရပါမယ်။ နောက်ကျရင် အသက်အန္တရာယ်စိုးရိမ်ရပါတယ်။

 

နောက်ဆက်တွဲဘာဖြစ်နိုင်မလဲ။

 

ဦးနှောက်သွေးကြောပေါက်တာ ခဏပဲဆိုပေမယ့် ဒီခဏအတွင်းမှာပဲ ဦးနှောက်ဆဲလ်တွေ သေသွားနိုင်ပါတယ်။ ဒါ့ပြင် ဦးနှောက်ထဲမှာ ဖိအားများပြီး သွေးနဲ့ အောက်စီဂျင်မလုံလောက်တာကြောင့် ရုတ်တရက် သတိလစ်တာ၊ သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။

 

သွေးကြောပေါက်ပြီး နောက်မှာတော့

 

-သွေးကြောတစ်ခါ ပေါက်ဖူးတဲ့သူကနောက်တစ်ခါ ထပ်ပေါက်နိုင်ပါတယ်။

 

-သွေးကြောပေါက်တဲ့အတွက် ခန္ဓာကိုယ်က သွေးထွင်နည်းအောင် သဘာဝအတိုင်း သွေးကြောတွေကို ကျုံ့ပစ်ပါတယ်။ အဲ့ဒီမှာ တခြားသွေးကြောတွေပါပါကုန်တဲ့အတွက် ဦးနှောက်ဆဲလ်တွေ သွေးငတ်ပြီး လေဖြတ်တာ (ischemic stroke)ရတတ်ပါတယ်။

 

-ဦးနှောက်ထဲ သွေးထွက်တဲ့အခါ ထွက်တဲ့သွေးတွေက ဦးနှောက်ကျောရိုးအရည် (cerebrospinal fluid)ရဲ့ စီးဆင်းမှုကို ပိတ်တဲ့အတွက် ဦးနှောက်ထဲမှာ အရည်တွေစုလာပြီး ဖိအားတွေများလာပါတယ်။

 

-ဒါ့ပြင် hypothalamusလို့ ခေါ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ထိခိုက်မိတဲ့အတွက် ခန္ဓာကိုယ်ရဲ့ ဆိုဒီယမ်ဓာတ်ကို မထိန်းညှိနိုင်တော့ဘဲ သွေးထဲမှာ ဆိုဒီယမ်ဓာတ်နည်းသွားနိုင်ပါတယ်။

 

ဘယ်လိုသိနိုင်မလဲ။

 

တကယ်လို့ ရုတ်တရက် ပြင်းပြင်းထန်ထန်ခေါင်းကိုက်မယ်။ ဦးနှောက်သွေးကြောပေါက်တဲ့ တခြားလက္ခဏာလည်းရှိမယ်ဆိုရင် အရင်ဆုံးဦးနှောက်ထဲမှာ သွေးယိုခြင်းရှိမရှိ စစ်ဆေးရပါမယ်။ သွေးယိုတာရှိတယ်ဆိုရင် ဦးနှောက်သွေးကြောပေါက်တာကြောင့်လားဆိုပြီး ဆက်စစ်ရပါမယ်။ နည်းလမ်းတွေကတော့

 

-ကွန်ပျူတာ ဓာတ်မှန်ရိုက်တာ

 

-ဦးနှောက်ကျောရိုးအရည်ကိုစစ်ဆေးတာ

 

-သံလိုက်ဓာတ်မှန်ရိုက်တာ

 

-ဦးနှောက်တွင်း သွေးကြောတွေကိုစစ်ဆေးတာ စတာတွေပဲဖြစ်ပါတယ်။

 

ကုသနည်းများ

 

အဓိက ကုသနည်းကတော့ ခွဲစိတ်တာပဲဖြစ်ပါတယ်။

 

Take home massage

 

လူငယ်တွေလည်း သွေးကြောပေါက်ပြီး လေဖြတ်နိုင်ပါတယ်။ မွေးရာပါ သွေးကြောနံရံ အားနည်းလို့ပဲဖြစ်ဖြစ် တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဦးနှောက်သွေးကြောဖောင်းပြီး ပေါက်တတ်ပါတယ်။ ကိုယ့်မှာ သွေးကြောဖောင်းရောဂါရှိတာ သိပြီးသားဆိုရင်လည်း ပေါက်နိုင်ချေနည်းအောင် ဆေးလိပ်ဖြတ်ပါ။ မူးယစ်ဆေးမသုံးပါနဲ့။ သွေးတိုးထိန်းပါ။ ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ပါ။ သွေးကြောပေါက်တဲ့ လက္ခဏာတွေကိုလည်း သတိထားပါ။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”