မီးဘေးအန္တရာယ် ကာကွယ်တားဆီးရေး

၂၁  ဇန်နဝါရီ

လူတို့အပေါ် ကျရောက်နိုင်သည့် အန္တရာယ်အမျိုးမျိုးတို့အနက် မီးဘေးသည် ကြီးမားစွာ ဒုက္ခပေးနိုင်သော အန္တရာယ်ကြီးတစ်ခု ဖြစ်ပါသည်။ “သူခိုးခိုးလျှင် ကျန်ပေဦးမည်။ မီးခိုးလျှင်မူ ကုန်ပါလေရော” ဟူသည့် စကားရပ်အတိုင်း မီးလောင်ပြီဆိုလျှင် ပစ္စည်းဥစ္စာ ထိခိုက်ဆုံးရှုံးမှုမှာ အတိုင်းမသိဖြစ်ပြီး လူ၏အသက် အန္တရာယ်ကိုပါ ထိခိုက်စေနိုင်သည့် သင်ခန်းစာများသည် မြန်မာနိုင်ငံတွင်မက နိုင်ငံတကာတွင်ပါများစွာရှိပါ သည်။

၂၀၀၉ ခုနှစ် စက်တင်ဘာလမှ စတင်လောင်ကျွမ်းသည့် ဩစတြေးလျနိုင်ငံ တောမီးကြီးမှာ ဧကပေါင်း သန်းနှင့်ချီအောင် ပျံ့နှံ့ခဲ့သည်။ သစ်တောဧရိယာ သန်းပေါင်း ၁၆ ဒသမ ၃၂ဧကအထိ လောင်ကျွမ်းသွားခဲ့သည်ဟု ပြည်နယ်တရားဝင်ထုတ်ပြန်ချက်များကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်ပါသည်။

ထိုထုတ်ပြန်ကြေညာချက်များတွင် အဆိုပါတောမီးကြောင့် တစ်နိုင်ငံလုံးအနေဖြင့် အိုးအိမ် ၁၅၀၆ အိမ် ပျက်စီးဆုံးရှုံးခဲ့ပြီး လူ ၂၄ ဦး ဆုံးပါးခဲ့သည်ဟု သိရသည်။ ကိုအားလား ဝက်ဝံကောင်ရေချည်းပင် ၈၀၀၀ ခန့် အပါအဝင် သန်းငါးရာထက် မနည်းသော တောကောင်ကြီးငယ် တိရစ္ဆာန်မျိုးစုံ သေကျေပျက်စီးခဲ့ရလေသည်။

ယင်းဧရိယာပမာဏမှာ ဘယ်လ်ဂျီယံနှင့် ဒိန်းမတ်နှစ်နိုင်ငံ ပေါင်းထက်ပင် ပိုမိုကြီးမား၏။ မန္တလေးတိုင်းဒေသကြီး၏ ဧရိယာမှာ ဧက ၉ ဒသမ ၃ သန်းကျော်ရှိသည်နှင့် နှိုင်းယှဉ်ကြည့်လျှင် မည်မျှ ကြီးမားကျယ်ပြန့်မည်ဆိုသည်ကို ခန့်မှန်းနိုင်ပါလိမ့်မည်။

နိုင်ငံတကာသတင်းဌာနများ၏ ထိုရက်နောက်ပိုင်း သတင်းများအရ အထက်ပါစာရင်းများထက် ပိုမိုများပြားလာသည်ကို တွေ့ရှိရပါသည်။ ထိုသတင်းများအရဆိုလျှင် မီးလောင်ကျွမ်းသည့် ဧရိယာမှာ ၁၇ ဒသမ ၉ သန်းအထိ ရှိသည်ဟူ၏။

ထိုတောမီးလောင်မှုတွင် မီးစတင်ဖြစ်ပွားမှုသည် တမင်ပြုလုပ်ခြင်း ဖြစ်နိုင်သည်။ လူအချို့၏ ပယောဂ မကင်းဟူသော သံသယဖြင့် လူ ၂၄ ဦးကို စုံစမ်းစစ်ဆေးနေသည်ဟု နိုင်ငံတကာသတင်းအချို့အရ သိရ၏။ အဓိကအားဖြင့်မူ ဩစတြေးလျနိုင်ငံ၏ ရာသီဥတုက စက်တင်ဘာလလောက်က စတင်ပူပြင်းသည့် နွေဦးရာသီရောက်ရှိလာပြီး ဒီဇင်ဘာလတွင် နွေရာသီစကာ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလများသည် အပူဆုံးကာလ များဖြစ်လာလေရာ ရာသီဥတုပူပြင်းမှုနှင့် ခြောက်သွေ့မှုတို့ကြောင့် ဤမျှလောက် ကြီးကြီးကျယ်ကျယ် ဖြစ်ပွားခဲ့ရသည်ဟု ယေဘုယျအားဖြင့် ကောက်ချက်ချထားသည်။

မီးခိုးငွေ့များ နိုင်ငံအနှံ့လိုလို ပျံ့နှံ့ရောက်ရှိလာခြင်းကြောင့် လေထုညစ်ညမ်းမှုပမာဏကလည်း အန္တရာယ်ရှိသည့်အဆင့်ထက် ဆယ်ဆမက မြင့်တက်လာနေသည်ဟုဆိုပါသည်။ မီးလောင်ကျွမ်းမှုက သစ်တော ဧရိယာများတွင် ဖြစ်ပွားသည်ဆိုသော်လည်း မဲလ်ဘုန်း၊ ဆစ်ဒနီ စသည့် မြို့ကြီးများကိုပါ များစွာထိခိုက်စေခဲ့ပါသည်။

ကမ္ဘာတစ်လွှားဖြစ်ခဲ့ဖူးသော တောမီးများသမိုင်းအရဆိုလျှင် ၂၀၁၉ ခုနှစ်က လောင်သည့် အမေဇုန်သစ်တောမီး ၁၇ ဒသမ ၅ သန်း ဧက (ဘရာဇီးအစိုးရ၏ သတင်းထုတ်ပြန်ချက်)၊ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်တောမီးတွင် ၂၀၁၈ ခုနှစ်တွင် မြေဧရိယာ ဧကတစ်သန်း၊ ၂၀၁၉ ခုနှစ်တွင် မြေဧရိယာဧက နှစ်သိန်းကျော် လောင်ကျွမ်းခဲ့သည်ဟု ဆိုပါသည်။ မီးဘေးအန္တရာယ်သည် ကမ္ဘာမြေကို မည်မျှလောက် ထိခိုက်ဆုံးရှုံးစေသည်ကို သတိချပ်သင့်ပါသည်။

မြန်မာနိုင်ငံအတွင်းရှိမြို့များသည်လည်း နွေပေါက်လာပြီဆိုသည်နှင့် များစွာသတိထားနေသည့်ကြားကပင် မီးလောင်မှုက ဖြစ်ပွားတတ် နေလေ့ရှိ၏။ ပေါ့ပေါ့ဆဆနှင့် ကောင်းစွာဂရုမစိုက် နေခဲ့မှုများကြောင့် အလွန်ဝမ်းနည်းဖွယ်များနှင့် ကြုံခဲ့ကြရသည့် အတွေ့အကြုံများ မြန်မာနိုင်ငံတွင် ရှိပါသည်။

မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ မီးဘေးအန္တရာယ်နှင့် ပတ်သက်သည့် သတိပေးချက်မှာ မီးဘေးရှောင် မလောင်ခင် ဟူ၏။ ကြိုတင် ကာကွယ်ခြင်း၊ မီးနှင့်ပတ်သက်လျှင် မှတ်မှတ်သားသားနှင့် ဂရုတစိုက် သုံးစွဲခြင်းတို့ ပြုလုပ်ကြရန် ဖြစ်ပါသည်။ ကြိုတင်ကာကွယ်ရာတွင်လည်း အဆောက်အအုံများ အသုံးပြုမှုအလိုက်၊ အထပ်အမြင့်အလိုက် မီးသတ်ပိုက်ခေါင်း၊ မီးခိုးငွေ့ အချက်ပေးစနစ်၊ ရေဖျန်းစနစ်၊ အရေးပေါ်လှေကား စနစ်စသည့် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများအတိုင်း ပြင်ဆင်ထည့်သွင်းထားရန်နှင့် လျှပ်စစ်မီးအသုံးပြုပြီးသည်နှင့် သတိထားကာ ပြန်ပိတ်ကြရန်ကအစ အရေးကြီးပါသည်။

အကယ်၍ ဖြစ်လာခဲ့လျှင်လည်း မည်သို့လွတ်မြောက်ရမည်၊ မည်သို့ စုဝေးရမည် အစရှိသည့် ထွက်ပြေးလွတ်မြောက်နည်း စသည်တို့ကို လေ့လာပြင်ဆင်ထားရန်လည်း လိုပါမည်။

တောနယ်မြို့ပြမဟူ နွေရာသီဖြစ်နေသည့်အတွက် မီးဘေးအန္တရာယ် မှာ အခြားအချိန်များထက် ပိုမိုဂရုထားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း နှိုးဆော်လိုက်ရပါသတည်း။ ။

မြန်မာ့အလင်း