ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် အလုံမြို့နယ်ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းသို့  သွားရောက်ကြည့်ရှု

နေပြည်တော်  ၂၀   ဇန်နဝါရီ 


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်၊  ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အလုံဓာတ်အားပေး စက်ရုံအတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် (၁၅၁) မဂ္ဂါဝပ်သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလုံဓာတ်အားပေး စက်ရုံအစည်းအဝေးခန်းမတွင် အလုံဓာတ်အားပေးစက်ရုံ၊ စက်ရုံမှူးနှင့် တာဝန်ရှိသူများ၊ တင်ဒါခေါ်ယူထားသည့် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ်များ အကောင်အထည် ဖော်ဆောင်ရွက်နေသော ကုမ္ပဏီများနှင့် တွေ့ဆုံရာ တာဝန်ရှိသူများက လုပ်ငန်းတိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။      

 

‌ေ

 

ဆက်လက်၍ အလုံဓာတ်အားပေးစက်ရုံမှူးက ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထုတ်လုပ်နေမှု အခြေအနေနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်၍ ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေ၊ Consortium of  MCM &Posco ကုမ္ပဏီမှ တာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ် ဧပြီလတွင်စတင် ဓာတ်အားထုတ်နိုင်မည့် ရွှေတောင် (၂၈) မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး စီမံကိန်းနှင့် စပ်လျဉ်း ၍လည်းကောင်း၊ Consortium of CEEC, CIC and NSRD ကုမ္ပဏီမှ တာဝန်ရှိ သူများက၂၀၂၀ ပြည့်နှစ် မတ်လကုန်တွင် စတင်ဓာတ်အားထုတ်နိုင်မည့် အလုံ (၁၅၁) မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ Consortium ofCNTIC &VPower ကုမ္ပဏီမှတာဝန်ရှိသူများက၂၀၂၀ ပြည့်နှစ် မတ်လ၊ ဧပြီလနှင့် မေတို့တွင် စတင်ဓာတ်အားထုတ်နိုင်မည့် ကျွန်းချောင်း မဂ္ဂါဝပ် (၂၀) မဂ္ဂါဝပ်၊ကျောက်ဖြူ မဂ္ဂါဝပ်(၁၅၀) ၊ သန်လျင် မဂ္ဂါဝပ် (၃၅၀) နှင့် သာကေတ မဂ္ဂါဝပ်(၄၀ဝ) ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေတို့ကိုလည်းကောင်း၊ ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ ဉီးဆောင်ညွှန်ကြားရေးမှူး ဉီးသန်းနိုင်ဉီးတို့က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ 

တင်ပြမှုများအပေါ်ပြည်ထောင်စုဝန်ကြီးကဓာတ်အားပေးစက်များ စက်စွမ်းအားပြည့်မောင်းနှင် ထုတ်လုပ်နိုင်ရေးအတွက် စက်များကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် အချိန်မီ စစ်ဆေးဆောင်ရွက်သွားကြရန်၊ မိမိတို့လုပ်ဆောင်နေသည့်လုပ်ငန်းများသည် တိုင်းပြည်အတွက်လိုအပ်သော လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နေသည်ဖြစ်သဖြင့် မိမိတို့၏ လုပ်ငန်းကျွမ်းကျင်မှုကို အခြေခံ၍ စေတနာထားပြီး မိမိတို့တာဝန်ယူရသည့် ကျရာတာဝန်ကို ဝိုင်းဝန်းဆောင်ရွက်သွားကြရန်၊ ဓာတ်အားပေးစက်ရုံများသည် နိုင်ငံတော်အတွက် အရေးကြီးသည့် စက်ရုံကြီးများဖြစ်သည့်အတွက် စက်ရုံရေရှည် တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန်၊ ဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်စက်ပစ္စည်းများ၊ မြို့ပြပိုင်းဆိုင်ရာ တည်ဆောက်ခြင်း လုပ်ငန်းများ၊ စက်တပ်ဆင်မှုလုပ်ငန်းများကို အရည်အသွေး စံချိန်စံညွှန်းပြည့်မီစွာဖြင့် လာမည့်နွေရာသီ အမီ ပြီးစီးရေးအား သွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အထူးဂရုပြု ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်း၌ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် (၁၅၁) မဂ္ဂါဝပ်သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၂၀ ပြည့်နှစ် နွေရာသီကာလတွင် နိုင်ငံတော်၏ တိုးတက် သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်း ပေး နိုင်ရန်ရည်ရွယ်၍ တင်ဒါခေါ်ယူ ဆောင်ရွက်ထားသည့် မကွေး၊ ရွှေတောင်၊ ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတတို့တွင်ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ် (၇)ခုမှ စုစုပေါင်း (၁၁၆၆) မဂ္ဂါဝပ်အား တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ မကွေးမြို့ ၆၆ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံအား ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ဖွင့်လှစ်၍ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည်။ 

(သတင်းစဉ်)