AFC Cup ခြေစစ်ပွဲအဖြစ် ရန်ကုန်နှင့် ဘရူနိုင်းကလပ်အသင်းတို့ ဇန်နဝါရီ ၂၂ ရက်တွင် ယှဉ်ပြိုင်မည်

ရန်ကုန်  ၂၀  ဇန်နဝါရီ

အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ကြီးမှူးကျင်းပသည့် ၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲ ခြေစစ်ပွဲများကို ဇန်နဝါရီ ၂၂ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် ဘရူနိုင်းကလပ်အင်ဒရာအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

နောက်ဆုံးအဆင့်ခြေစစ်ပွဲကို အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ရန်ကုန်အသင်းသည် အဝေးကွင်းစတင်ကစားရမည်ဖြစ်သည်။ ရန်ကုန်အသင်းသည် အဝေးကွင်းပွဲယှဉ်ပြိုင်ကစားရန်ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက ထွက်ခွာသွားပြီး ကစားသမား ၁၈ ဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ ခြေစစ်ပွဲ ပထမအကျော့ယှဉ်ပြိုင်ကစားမည့် ရန်ကုန်ယူနိုက်တက်အသင်းတွင် ကစားသမားများအဖြစ် ဂိုး-ကျော်ဇင်ထက်၊ ဝေလင်းအောင်၊နောက်တန်း-ထိုက်ထိုက်အောင်၊ သိန်းသန်းဝင်း၊ ဇာနည်ထက်၊ ထူးခန့်လွင်၊ မင်းကျော်ခန့်၊ သူရိန်စိုး၊ အဘူဘာကာ၊ အလယ်တန်း-ရန်ပိုင်စိုး၊ မောင်မောင်ဝင်း၊ မောင်မောင်လွင်၊ ငြိမ်းချမ်းအောင်၊ ကောင်းထက်စိုး၊ အောင်ကျော်နိုင်၊ ရှိုရီရှေ့တန်း-ဘာဖိုနှင့် သန်းပိုင်တို့ ပါဝင်သည်။ မြန်မာကလပ်အသင်းများအနက် ဒုတိယဦးစားပေးအသင်းသည် ၂၀၁၇ ခုနှစ်မှစ၍ ခြေစစ်ပွဲယှဉ်ပြိုင်ရသော်လည်း ပြိုင်ဘက်အသင်းများ နုတ်ထွက်မှုကြောင့် ယခုနှစ်မှသာ ခြေစစ်ပွဲစတင်ကစားရခြင်းဖြစ်သည်။ အာဆီယံဇုန် နောက်ဆုံးအဆင့်ခြေစစ်ပွဲတွင် အသင်းခြောက်သင်းပါဝင်မည်ဖြစ်ပြီး အနိုင်ရသည့်သုံးသင်းမှာ အုပ်စုအဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ရန်ကုန်အသင်းနှင့် အင်ဒရာအသင်းသည် ပထမအကျော့အဖြစ် ဇန်နဝါရီ ၂၂ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်တွင် ဘရူနိုင်းနိုင်ငံ၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဒုတိယအကျော့ကို ဇန်နဝါရီ ၂၉ ရက် ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။

 

a

 

ရန်ကုန်အသင်းသည် ခြေစစ်ပွဲအောင်မြင်ပါက အုပ်စု (F) တွင် ဟိုချီမင်းစီးတီး (ဗီယက်နမ်)၊ ဟောင်အန်ယူနိုက်တက် (စင်ကာပူ)၊ လာအိုတိုယိုတာ (လာအို) တို့နှင့်အတူ ကျရောက်မည်ဖြစ်သည်။ ရန်ကုန်အသင်းသည် မြန်မာကလပ်အသင်းများတွင် AFC Cup ပြိုင်ပွဲ၌ အကြိမ်အများဆုံးယှဉ်ပြိုင်ခွင့်ရထားသည့်အသင်းဖြစ်ပြီး ယခုနှစ်တွင် ခြေစစ်ပွဲအောင်မြင်ပါက ခုနစ်ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်