သမ္မာအာဇီဝ မဟုတ်ပါလျှင်

၂၀ ဇန်နဝါရီ

 

“ချမ်းသာခြင်းဟာ မင်္ဂလာ” ဆိုသည့်စကားကို တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်က ပြောဖူးသည်။ ယေဘုယျအားဖြင့်ဆိုရလျှင် မည်သူမဆို ချမ်းသာကြ၊ အဆင်ပြေကြတာ ကောင်းသည်။

 

လူတွေ ဝင်ငွေကောင်းတာ၊ ငွေရေးကြေးရေး အဆင်ပြေတာ ကောင်းသည်ဆိုသည်ကို ယေဘုယျအားဖြင့် အငြင်းပွားစရာမရှိ။ သို့သော်လည်း မည်သို့မည်ပုံ ငွေရေးကြေးရေး အဆင်ပြေနေ သလဲ ဆိုသည်ကမူ အရေးကြီးသည့် မေးခွန်းဖြစ်နေဦးမည်သာ။ မည်သို့သော ကိုးကွယ်ယုံကြည်ရာ ဘာသာရေးမျိုးတွင်မဆို သမ္မာအာဇီဝကိုသာ အားပေးမည်သာ။ သည်နေရာတွင် ဗုဒ္ဓဘာသာယဉ်ကျေးမှု၏ အဆုံးအမကို ညွှန်းဆိုလိုပါသည်။

 

သီလမဂ္ဂင်သုံးပါး၊ သမာဓိမဂ္ဂင်သုံးပါး၊ ပညာမဂ္ဂင်နှစ်ပါး ပါဝင် - သည့် ရှစ်ပါးသောလမ်း၊ မဂ္ဂင်ရှစ်ပါးသည် အမြတ်ဆုံးဖြစ်သည် ဟူ၏။ အဆိုပါ မဂ္ဂင်ရှစ်ပါးတွင် ပါဝင်သည့် သမ္မာအာဇီဝမှာ ကောင်းမွန်မှန်ကန်သော သက်မွေးဝမ်းကျောင်းခြင်းကို ဆိုလို၏။ ခိုးခြင်းသည် ယုံကြည်ကိုးကွယ်ရာအရဖြစ်စေ၊ လူမှုအဖွဲ့ အစည်းအတွင်းက ဥပဒေကြောင်းအရဖြစ်စေ စက်ဆုပ်စရာဖြစ်၏။ လူတို့ရှောင်ရှားရမည့် သီလဖြစ်၏။

 

ခိုးခြင်းဟူသည်မှာ သူတစ်ပါး၏ပစ္စည်းဥစ္စာကို မသိအောင်ယူခြင်း၊ လှည့်ဖျားရယူခြင်း၊ မလျော်သြဇာသုံးပစ္စည်းဥစ္စာတိုးပွား ရရှိအောင် ကြံဆခြင်း စသည့် မိမိရသင့်ရထိုက်သည်မဟုတ်သော ပစ္စည်းဥစ္စာကို ရယူခြင်းဖြစ်၏။ မိမိရသင့်ရထိုက်သည် မဟုတ်သည်ကို လိုချင်တပ်မက်ခြင်းဆိုသည်က သီလကျိုးရာအကြောင်းတည်း။ ဓမ္မပဒလာ - ပညာရှိသူသည် သီလကို စောင့်စည်းလျက် နိဗ္ဗာန်သို့သွားရာမဂ်ခရီးကို လျင်မြန်စွာ သုတ်သင်ရာ၏ ဟုဆို၏။

 

သီလကျိုးပေါက်ခြင်းကိုပင်လျှင် ဆိုးရွားမှုဟု မမြင်နိုင်တော့ ဘဲကံကောင်းလွန်းလို့ ရတာဟု အထင်အမြင်အလွဲကြီးလွဲခဲ့သော နှစ်တို့ကြာရှည်စွာ မြန်မာနိုင်ငံတွင် ရှိခဲ့ဖူးသည်။

 

ကောင်းမှု၊ မကောင်းမှုတို့ကို ကွဲကွဲပြားပြားမမြင်နိုင်ခဲ့ကြသော အချိန်တစ်ခုတွင် 'ဒီအလုပ်ကလစာနည်းပေမယ့် အောက်ဆိုက်ရှိတယ်။ ဟိုသူငယ်ဆိုရင် အလုပ်ဝင်တာ တစ်နှစ်ပဲရှိသေးတယ် တိုက်နဲ့ ကားနဲ့ ဖြစ်နေပြီ...။ “ဘယ်သူ့သားသမီးဖြင့် ကံကောင်းလိုက်တာ သူ့အလုပ်က ဘာမှမလုပ်ရဘဲ အချိန်တန်ရင် လစာသွား ထုတ်ရုံပဲ၊ “သူအလုပ်လုပ်ရတဲ့နေရာက သိပ်ကောင်းတာ၊ အပြင် ဝင်ငွေကလစာထက် အများကြီးပိုရတယ် စသည့်စကားများကို နားမဆံ့အောင် ကြားခဲ့ရဖူးသည်။ မည်သို့သောနည်းဖြင့်ရသည်ဖြစ်စေ သမ္မာအာဇီဝမဟုတ် သော ဝင်ငွေသည်ရယူထိုက်သည့်ငွေ မဟုတ်ဟူသည်ကို နက်နက်နဲနဲ နားလည်လိုက်နာသင့်ကြပြီ ဖြစ်ပေသည်။

 

ချမ်းသာခြင်းသည် ကောင်းသည်ဆိုသော်လည်း မတော်မတရားနည်းဖြင့် ချမ်းသာကြွယ်ဝခြင်းသည် နှစ်သက်စရာမဟုတ်ပါ။

 

ကောင်းမွန်သော လူမှုအဖွဲ့အစည်း၏ စံနှုန်းများအရ ဆိုရပါ ကမိမိရသင့်ရထိုက်သည် မဟုတ်သော ပစ္စည်းဥစ္စာဟူသရွေ့ကို မရချင်၊ မလိုချင်ခြင်းသည် လူတို့စောင့်ထိန်းရမည့် အခြေခံ သီလပင် ဖြစ်ပါသတည်း။

 

မြန်မာ့အလင်း