အမေရိကန်နဲ့ တရုတ်သာမက ကမ္ဘာကြီးတစ်ခုလုံးအတွက် မင်္ဂလာရှိတဲ့အချိန်

== ထွန်းသစ်စ ==

 

နှစ်နိုင်ငံကြား ကုန်သွယ်ရေးသဘောတူညီမှု ပထမအဆင့်ကို ဇန်နဝါရီ ၁၅ ရက်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းနဲ့အတူ နှစ်နှစ်ကျော်ကြာ ကုန်သွယ်ရေးတင်းမာမှုတွေ ဖြစ်ပွားခဲ့တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ အခုအခါမှာတော့ ကောင်းမွန်တဲ့အချိန်အခါကောင်းတွေ ရောက်ရှိလို့လာခဲ့သလို သမိုင်းတစ်ခေတ် ဖွင့်လှစ်နိုင်ခဲ့ပြီလို့ ပြောရမှာပဲ ဖြစ်ပါတယ်။

 

ဒီလိုဆောင်ရွက်နိုင်ခဲ့ခြင်းဟာ တရုတ်နိုင်ငံအတွက် သာမက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အတွက်ပါ ကျက်သရေမင်္ဂလာ အပေါင်းနဲ့ ပြည့်စုံခညောင်းခဲ့တာပဲ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လတ်တလောမှာ တရားစွဲဆိုမှုတွေနဲ့လည်း ရင်ဆိုင်နေရသလိုသူ့ရဲ့ တရားစွဲဆိုမှုတွေကို ဇန်နဝါရီ ၂၁ ရက်မှာ ကြားနာမှုတွေ ပြုလုပ်မယ်ဆိုပြီး သတင်းများလည်း ထွက်ပေါ်နေပါတယ်။ တစ်ဖက်မှာလည်း ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ကြိုးစားနေရတဲ့အချိန်မှာ အခုလိုမျိုး တရုတ်နဲ့ ကုန်သွယ်ရေး ကိစ္စ အဆင့်-၁ ကို လက်မှတ်ရေးထိုး နိုင်ခဲ့တဲ့အတွက် သူ့အတွက်တော့ ဒါဟာ ကောင်းမြတ်တဲ့အချိန်အခါပဲ ဖြစ်ပါတယ်။

 

အမေရိကန်နဲ့ တရုတ်အဆင့်-၁ ကုန်သွယ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သော် လည်း အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ ထက်မနည်းတဲ့ တရုတ်သွင်းကုန်တွေရဲ့ သုံးပုံနှစ်ပုံလောက်မှာ အခွန်စည်းကြပ်မှုတွေ ရှိနေပါသေးတယ်။ အမေရိကန်စားသုံးသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေဟာလည်း အခွန်စည်းကြပ်မှုတွေကို ပေးဆောင်နေရဆဲ ရှိပါသေးတယ်။

 

အမေရိကန်နဲ့တရုတ်အဆင့်-၁ ကုန်သွယ်ရေး သဘောတူညီချက်မှာ အမေရိကန် လယ်ယာထွက်ကုန်တွေနဲ့ တခြားပို့ကုန်တွေကို နှစ်နှစ်အထိ တိုးမြှင့်ဝယ်ယူရေးဆိုတဲ့ အချက်ပါရှိနေသလို အမေရိကန် နည်းပညာများကို ကာကွယ်ရေးနဲ့ အမေရိကန်နိုင်ငံက ပြစ်ဒဏ်များ၊ မြန်မြန်ဆန်ဆန် အရေးယူမှုများ ပြုလုပ်ရန် ခွင့်ပြုထားတဲ့ လုပ်ထုံးလုပ်နည်းအသစ်များအပေါ် တရုတ် နိုင်ငံက လက်တုံ့မပြန်နိုင်စေရေး ဆိုတဲ့အချက်တွေလည်း ပါရှိနေပါတယ်။

 

ယနေ့ အမေရိကန်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနဲ့ ဘယ်တုန်းကမှ မလုပ်ဖူးတဲ့ တရားမျှတပြီး အပြန် အလှန်သဘောပါဝင်တဲ့ ကုန်သွယ်မှုတစ်ခုပေါ်ပေါက်စေမယ့် အလွန်အရေးပါတဲ့ခြေလှမ်းတစ်ရပ်ကို ချမှတ် နိုင်ခဲ့တယ်လို့ အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ လက်မှတ်ရေးထိုးပွဲမှာ အမေရိကန်သမ္မတ ထရမ့်က ပြောလိုက်ပါတယ်။

 

အာရှဈေးကွက်ပြန်လည်မြင့်တက်လာ

 

ဒီလက်မှတ်ရေးထိုးပွဲမှာ တရုတ် နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေး ဗျူရိုအဖွဲ့ဝင်နဲ့ တရုတ်- အမေရိကန် ဘက်စုံစီးပွားရေးဆွေးနွေးမှုရဲ့ တရုတ်နိုင်ငံဆိုင်ရာ အကြီးအကဲလျူဟဲနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့က သမိုင်းတွင်မယ့်လက်မှတ် ကိုရေးထိုးနိုင်ခဲ့ကြပါတယ်။ ထို့အတူပဲ အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ်လိုက်သင်ဇာနဲ့ဘဏ္ဍာရေးဝန်ကြီး စတီဗင်မန်နျူချင်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

 

အတိတ်က အမှားတွေကို ကျွန်တော်တို့ အတူတကွ ပြင်ဆင်နေကြပါတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ အမေရိကန် သမ္မတကို တရားစွဲ ဆိုထားတဲ့ အကြောင်းအရာခေါင်းစဉ်တွေကိုလည်း အမေရိကန်အထက်လွှတ်တော်ကို ပေးပို့ထားပြီး ကြားနာ စစ်ဆေးမှုတွေအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေတဲ့ အချိန်ဆိုတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ ကုန်သွယ်ရေးနဲ့ သက်ဆိုင်တဲ့ မျက်မှောက်ရေးရာတွေအပေါ် စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်မှာတော့ စိုးရိမ်ရပါတယ်။ ။

 

နှစ်နိုင်ငံကြား ကုန်သွယ်ရေး ပွတ်တိုက်မှုတွေ ဖြေလျှော့လာတဲ့အတွက် မကြာသေးမီ သီတင်းပတ်တွေက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ စတော့ဈေးကွက်တွေ ပြန်လည်ဦးမော့လာခဲ့ပါတယ်။ လတ်တလောမှာ ကုန်သွယ်ရေး အခွန်စည်းကြပ်မှုတွေကို နှစ်နိုင်ငံကြား တွေ့ဆုံဆွေးနွေး လက်မှတ်ရေးထိုး နိုင်ခဲ့တဲ့အတွက် စတော့ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ စတော့ဈေးတွေ စံချိန်တင်ရလောက်တဲ့အထိ မြင့်တက်သွားခဲ့ပါတယ်။ ထို့အတူပဲ အာရှဈေးကွက်မှာလည်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့တဲ့နေ့ရဲ့ မွန်းလွဲပိုင်းလောက်မှာကိုပဲ ဈေးတွေ ပြန်လည် မြင့်တက်သွားခဲ့ပါတယ်။

 

အလွန်ကိုကောင်းမြတ်

 

ဒီလိုနှစ်နိုင်ငံ လက်မှတ်ရေးထိုး နိုင်ခဲ့တဲ့အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကျေးဇူးအထူး တင်ရှိသလို မကြာမီကာလမှာလည်း တရုတ်နိုင်ငံကို လာရောက်မယ်လို့လည်း ပြောပါတယ်။ ကျွန်တော်တို့အတွက် ညှိနှိုင်းဆွေးနွေးမှုတွေဟာ ခက်ခဲခဲ့ပါတယ်။ အခုတော့အခက်အခဲ တွေကို မယုံကြည်နိုင်စရာကောင်းအောင် ကျော်ဖြတ်နိုင်ခဲ့ပြီလို့ အမေရိကန်သမ္မတ ထရမ့်က ပြောပါတယ်။

 

အကယ်၍များ မိမိတို့အနေနဲ့ ကုန်သွယ်ရေး သဘောတူညီချက် အဆင့်-၂ကိုသာ လက်မှတ်ရေးထိုး နိုင်ခဲ့မယ်ဆိုရင် အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားဆိုသလိုပဲ ကျန်ရှိတဲ့ အခွန်စည်းကြပ်မှုတွေကို အားလုံး ဖြေလျှော့နိုင်တော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။

 

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဆီ ပေးလိုက်တဲ့စာကို လျူဟဲက ဖတ်ပြရာမှာတော့ အခုလိုမျိုး သဘောတူညီ ချက်အဆင့်-၁ကို လက်မှတ်ရေးထိုး နိုင်ခဲ့တဲ့အတွက် ဒါဟာ တရုတ်နိုင်ငံအတွက် အလွန်ကောင်းမြတ်သလို အမေရိကန်နဲ့ ကမ္ဘာကြီးတစ်ခုလုံး အတွက်လည်း အလွန်ကိုကောင်းမြတ်ကြောင်း ဖော်ပြထားပါတယ်။

 

ထို့အတူပဲ မိမိတို့နှစ်နိုင်ငံဟာ အခြေခံတူညီမှုများနဲ့ အပြန်အလှန် လေးစားမှုများ ရှိတယ်ဆိုတဲ့ အချက် ကို ပြသနိုင်ခဲ့ပြီလို့လည်း တရုတ်သမ္မတ ရှီကျင့်ဖျင်က စာထဲမှာ ဆက်လက် ဖော်ပြထားပါတယ်။ ပုဂ္ဂိုလ်ရေးအရလည်း နီးကပ်စွာ ဆက်ဆံချင်ပါတယ်လို့ တရုတ်သမ္မတက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို ပေးလိုက်တဲ့ထဲမှာ ဆက်လက် ဖော်ပြထားပါတယ်။

 

ဒါဟာ တရုတ်နဲ့ အမေရိကန်အတွက်ရော ကမ္ဘာကြီးတစ်ခုလုံး အတွက်ပါ ဘယ်လောက်ထိ အကျိုးများမလဲဆိုတာ အထွေအထူးပြောနေစရာတောင် မလိုပါဘူး။ ဒီလိုလုပ်ဆောင်နိုင်ခဲ့တာဟာ နှစ်နိုင်ငံလုံးအတွက် ကောင်းမြတ် တဲ့အချိန်အခါ ဖြစ်ခဲ့သလို ကမ္ဘာကြီးအတွက်လည်း ကောင်းမြတ်တဲ့ အချိန်အခါဆိုရင်လည်း မမှား ပါဘူး။

 

မင်္ဂလာရှိသောအချိန်အခါ

 

ဒီအရေးဟာ ခဲရာခဲဆစ် ကြိုးကြိုးစားစား လုပ်ဆောင်နိုင်ခဲ့တဲ့ သဘောတူညီမှုလို့ တရုတ် မီဒီယာတွေမှာလည်း ဆိုခဲ့ပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် ဒါဟာ နှစ်နိုင်ငံ ကုန်သွယ်ရေးမှာတော့ သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

 

တရုတ်နိုင်ငံမှာရှိတဲ့အမေရိကန် ကုန်သည်ကြီးများအသင်းကတော့ ဒီအရေးကို နှစ်နိုင်ငံကြား သမိုင်း စာမျက်နှာ ဖွင့်လှစ်နိုင်ခဲ့တဲ့အရေးလို့တောင် တင်စားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ကုန်သွယ်ရေး သဘောတူညီချက် အဆင့်-၂ ကို လည်း ဆက်လက်အကောင် အထည်ဖော်ဖို့ အခက်အခဲတွေကိုကျော်ဖြတ်ဖို့တော့ ရှိပါသေးတယ်။ သို့သော်လည်း အမေရိကန်နဲ့ တရုတ်နိုင်ငံကြား သမိုင်းဝင်မယ့် ရက်စွဲတစ်ခုအဖြစ် ရာဇဝင်မှာ စာတင်လောက်အောင် အခုလို လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းဟာ အလွန်အင်မတန်မှ မင်္ဂလာရှိသော အချိန်အခါတစ်ခု ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။

 

ကိုးကား-အေအက်ဖ်ပီ