ထူးဆန်းအံ့ဩဖွယ် သဘာဝကျောက်ဂူ ကလိန်တောင်

အောင်ကြည်မိုး(စစ်တွေ)

 

ရခိုင်ပြည်နယ်၌ ထူးဆန်းအံ့သြဖွယ်နေရာများ ဒေသအနှံ့ရှိနေသည်။ ယင်းနေရာများသည် ရှေးရခိုင်သမိုင်း ရာဇဝင်ကျမ်းဂန်များနှင့် ဆက်စပ်မှုရှိသလိုသက်ကြီးစကား သက်ငယ်ကြားဆိုသကဲ့သို့ ရှေးလူကြီးသူမများ ဒဏ္ဍာရီသဖွယ်စီကာပတ်ကုံး ညအိပ်ရာဝင် ပုံပြင်သဖွယ် ပြောပြကြသော နေရာများလည်း ဖြစ်နေသည်။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ ထူးဆန်းအံ့သြဖွယ်ကောင်းသော ကလိန်တောင်သည် တောင်ကုတ်မြို့မှ ၂၅ မိုင်အကွာတွင် တည်ရှိပြီး စက်တပ်လှေငယ်ဖြင့် ရေကြောင်းခရီး နှစ်နာရီကျော် သွားလာရသည်။ တောင်အမြင့် ၅၉၆ ပေရှိသည့် တောင်လွတ်တစ်တောင်ဖြစ်သည်။ ဤတောင်ရှိမြေမှာ မင်္ဂလာမြေ ခုနှစ်မျိုးဝင်တစ်ခုဖြစ်သည်။

 

သဘာဝအလှတရားများကို မြင်တွေ့ရနိုင်

 

ကလိန်တောင်ရှိနေသာကျွန်းသည် တောင်မြောက် သုံးမိုင်နီးပါးမျှ ရှည်လျားပြီး ကျွန်းအကျယ်အဝန်း နှစ်မိုင်ရှိသည်။ ဤတောင်ပေါ်၌ ရှေးအခါက  ဘုန်းတန်ခိုးနှင့် ပြည့်စုံသော ကလိင်္ဂရှင်ရသေ့ သီတင်းသုံးခဲ့၍ ကလိန်တောင်ဟု အမည်တွင်ခြင်းဖြစ်သည်။ ရခိုင့်ရာဇဝင်ထဲတွင် ကလိန်တောင်၏ အထင်ကရ သမိုင်းကျောက်ဖြစ်ရုပ်ကြွင်းများ ရှိနေသည်။ ကလိန်တောင်သို့ရောက်ရှိလျှင် သဘာဝ အလှတရားများကိုလည်း မြင်တွေ့ရနိုင်သလို ပင်လယ်ထွက် သား၊ ငါး၊ ပုစွန်ပေါများသည့် ရခိုင်ပြည်နယ်၏ ထင်ရှားသော နေရာဒေသတစ်ခုအဖြစ် မြင်တွေ့ရမည်ဖြစ်သည်။ ။

 

ကလိန်တောင်မှာ သဘာဝထုံးကျောက်ဂူဖြစ်သည်။ သဘာဝရှုထောင့်မှ ကြည့်လျှင် ဤဂူတောင်သည် ရာသီဥတုဒဏ်ကြောင့်ရွှံ့ ကျောက်နှင့် သဲကျောက် ၊များကို မိုးရေတိုက်စားရာမှ လိုဏ်ဂူကြီးသဖွယ် ပေါ်ပေါက်လာခြင်းဆိုရပေမည်။တောင်၏နံရံပေါင် မြေလွှာများပြတ်ကျပြီး တောင်၏လေးပုံတစ်ပုံခန့် တောင်အောက်သို့နိမ့်ဝင်ပြီး ပြိုဆင်းသွားရာမှထုံးကျောက်ဂူကလိုင်များ ဖြစ်လာသည်ဟု ပြောစမှတ်ပြုကြသည်။

 

လှပတင့်တယ်စွာတည်ရှိ

 

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ရှိ ထင်ရှားသော ကလိန်တောင်၌ သဘာဝကျောက်ဆောင်၊ ကျောက်ကလပ်များမှာ အထူးလှပတင့်တယ်စွာ တည်ရှိပြီး မြစ်ပြင်ကျောက်တုံးများပေါ်တွင် တည်ထားကိုးကွယ်သော စေတီတော်များ၊ သဘာဝကျောက်ရေတွင်းများ၊ ကျောက်ဆောင်  တောင်တန်းများနှင့် ပင်လယ်ပြင် အလှတို့မှာ ကလိန်တောင်၏ အဖိုးမဖြတ်နိုင်သော သဘာဝအလှတရားများဖြစ်၍ တစ်ခေါက်တစ်ခါ အလည်သွားရောက်နိုင်ဖို့ တင်ပြလိုက်ရပါသည်။ ။

 

ကြေးမုံ