“ပိတောက်ကတဲ့ ဂီတ”ရုပ်ရှင်ကားကို စိုင်းစိုင်းခမ်းလှိုင်ကပရိုဂျူဆာအဖြစ် ထုတ်လုပ်ရိုက်ကူးထား

ဂီတပိုင်းတွင်သာမက သရုပ်ဆောင်ပိုင်းတွင်ပါ အောင်မြင်မှုကို ရယူထားနိုင်သော အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က “ပိတောက်ကတဲ့ဂီတ”ဟု အမည်ရသည့် ရုပ်ရှင်ဇာတ်ကားကို ကိုယ်တိုင်ပရိုဂျူဆာအဖြစ် ထုတ်လုပ်ရိုက်ကူးထားပြီး လာမည့် ဧပြီလအတွင်း ရုံတင်ပြသနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါဇာတ်ကားနှင့် ပတ်သက်ပြီး စိုင်းစိုင်းခမ်းလှိုင်က “ဒီ ပိတောက်ကတဲ့ဂီတ ဇာတ်ကားကို မနှစ်က မန္တလေးသင်္ကြန်မှာ ရိုက်ကူးခဲ့တာပါ။ ဆင်ဆာလက်မှတ်လည်း ရခဲ့ပြီးဖြစ်တဲ့အတွက် ရုံတင်ခွင့်ရမယ်ဆိုရင် သင်္ကြန်မတိုင်ခင် မတ်လလောက် ရုံတင်ပြသချင်ပါတယ်။ အဲဒီလိုဖြစ်အောင်လည်း ကြိုးစားနေပါတယ်။ ဒါရိုက်တာကတော့ ဦးမီးပွားဖြစ်ပါတယ်။ ဇာတ်လမ်းက စာရေး ဆရာနေနော်ရဲ့ ဇာတ်ပါ။ သရုပ်ဆောင်က ကျွန်တော်နဲ့ ပိုးမမီသာပေါ့။ သူက ကျွန်တော့်ရဲ့ ‘သင်္ခါရ’ မြူးဇစ်ဗီဒီယိုမှာ သရုပ်ဆောင်ပေးတဲ့ ဆေးကျောင်းသူလေးပါ။ ဒီကလေးမရဲ့ ပထမဆုံးရုပ်ရှင်ကား ဖြစ်လာပါလိမ့်မယ်။ အေးမြတ်သူနဲ့ ဦးကျော်သူလည်း အဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်ပါတယ်”ဟု စိုင်းစိုင်း ခမ်းလှိုင်က ပြောသည်။

 

အဆိုပါဇာတ်ကားသည် သင်္ကြန် အငွေ့အသက်များကို ခံစားရရှိစေနိုင်မည့် ရုပ်ရှင်ကားဖြစ်ကြောင်း သိရသည်။ “ကျွန်တော့်ရဲ့ကားက သင်္ကြန် အငွေ့အသက်လေးတွေ ပါမယ်၊ ဒါပေမယ့် သင်္ကြန်ဇာတ်ကားမဟုတ်ဘဲ ဂီတကိုအခြေခံထားတဲ့ အချစ်ဇာတ်ကားပုံစံပါ။ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို သီချင်းတွေနဲ့ သီကုံးထားတဲ့ သီချင်းရုပ်ရှင်လို့လည်း ပြောလို့ရပါတယ်။ ဒီကားမှာ ပါဝင်တဲ့ ဇာတ်ကောင်စရိုက်နဲ့လည်း ဒီမင်းသမီးလေးနဲ့ လိုက်ဖက်မှုရှိတာ တွေ့ရမှာပါ”ဟု စိုင်းစိုင်းခမ်းလှိုင်က ဆက်ပြောသည်။

 

ကိုလင်း