တောမီးလောင်ထားတဲ့သစ်တောတွေတွင်း ကျန်ရှိနေတဲ့တောရိုင်းတိရစ္ဆာန်တွေအတွက် အစားအစာများကြဲချ

၁၄ ဇန်နဝါရီ

သြစတြေးလျအစိုးရမှ တောမီးလောင်ထားတဲ့ သစ်တောတွေအတွင်းမှာ အသက်ရှင်ကျန်ရှိနေတဲ့ တောရိုင်းတိရစ္ဆာန်တွေအတွက် မုန်လာဥနီနဲ့ ကန်စွန်းဥအပါအဝင် အစားအစာ စုစုပေါင်းအလေးချိန် ပေါင် ၄၀၀၀ ကို ဝေဟင်မှ ကြဲချခဲ့ပြီးကြောင်း သိရပါတယ်။ 

 

01

 

တောမီးဒဏ် အကြီးအကျယ်ခံခဲ့ရတဲ့ နယူးဆောက်ဝေး (NSW) ပြည်နယ်အစိုးရက တောရိုင်းတိရစ္ဆာန်တွေအတွက် အစားအစာတွေ ကြဲချရန် လေယာဉ်တွေကို အသုံးပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး အစားအစာ အလေးချိန် ပေါင် ၂၀၀၀ ကို ကပ်ပါတီနဲ့ ဝူးဂမ် တောင်ကြားတွေအတွင်းမှာ ကြဲချခဲ့ပြီး ယန်ဂို အမျိုးသားဥယျာဉ်ဝန်းကျင်မှာ အစားအစာအလေးချိန် ပေါင် ၂၀၀၀ နဲ့ သားပိုက်ကောင်တောင်ကြားမှာ ရေနဲ့အစာပေါင်း အလေးချိန် ပေါင် ၂၀၀ ကြဲချခဲ့ကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။ 

 

02

 

၂၀၁၉ခု စက်တင်ဘာလက စပြီးလောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် တောရိုင်းတိရစ္ဆာန်ပေါင်း ၄၈၀ သန်း သေဆုံးခဲ့ကြောင်း ဆစ်ဒနီတက္ကသိုလ်ရဲ့ လေ့လာချက်အရ သိရပါတယ်။ 

 

03

 

မီးသင့်ခဲ့တဲ့ သစ်တောတွေဟာ သတ်မှတ်အချိန်အတွင်းမှာ ပြန်လည်ပျိုးထောင်နိုင်မယ်လို့ ပညာရှင်တွေက မျှော်လင့်နေသလို ကိုအာလာ (koala) ဝက်ဝံလေးတွေနဲ့ သားပိုက်ကောင်ဦးရေ အပါအဝင် တခြားတိရစ္ဆာန် မျိုးစိတ်တွေပေါ်အကြီးအကျယ် ထိခိုက်မှု ရှိခဲ့ပေမယ့် ပြန်လည်ကယ်တင်နိုင်မယ်လို့ ပညာရှင်တွေက ခန့်မှန်း ပြောဆိုပါတယ်။ 

ကိုအာလာ(koala) ဝက်ဝံတွေဟာ သစ်ပင်တွေပေါ်မှာ နေထိုင်ပြီး သတ်မှတ်ထားတဲ့ယူကလစ်ပင် အမျိုးအစား ကိုသာ စားသုံးခြင်းနဲ့ မီးတောက်တွေဆီကနေ လျင်မြန်စွာမပြေးနိုင်ခြင်းတို့ကြောင့် အထူးထိခိုက်မှုရှိတဲ့ တိရစ္ဆာန်တွေဖြစ်ပါတယ်။

တောမီးကြောင့် လူပေါင်း ၂၈ ဦး သေဆုံးပြီး အိမ်ခြေ ၂၀၀၀ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ မီးလောင်ခဲ့တဲ့ ပမာဏမှာ ဧက သန်းပေါင်း ၂၇.၇ ရှိကြောင်း သိရပါတယ်။ 

တောမီးလောင်ခံခဲ့ရတဲ့ ဒေသတွေအား ပြန်လည်ထူရေးအတွက် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ သုံးစွဲသွားမှာဖြစ်ပြီး အရေးပေါ်အခြေအနေကို ကူညီရန်စစ်သား ၃,၀၀၀ ကိုလည်း ပို့ဆောင် ကူညီသွားဖို့ရှိကြောင်း ဝန်ကြီးချုပ် မော်ရစ်ဆင်က ပြောကြားခဲ့ပါတယ်။ တောမီးကို ဝန်ကြီးချုပ်ရဲ့ ကွန်ဆာဗေးတစ်ပါတီရဲ့ ကိုင်တွယ်ဖြေရှင်းပုံနဲ့ ပတ်သတ်ပြီး နိုင်ငံသား ၅၉ ရာခိုင်နှုန်းက စိတ်ပျက်ခဲ့ပြီး ၃၇ ရာခိုင်နှုန်းကဟာ လက်ခံနိုင်ခဲ့ကြောင်း သုတေသနစစ်တမ်းအရ သိရပါတယ်။

MDN
ကိုးကား -AFP
Photos : Matt Kean MP