ဗီယက်နမ်နိုင်ငံတွင် လက်တုန့်ပြန် ပစ်ခတ်မှုဖြစ်ပွား နှစ်ဦးသေဆုံး၊ ငါးဦး ဒဏ်ရာရရှိ

၁၄ ဇန်နဝါရီ

 

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း လန်စန် ပြည်နယ်တွင် ဗီယက်နမ်အမျိုးသား တစ်ဦးက အငြိုးဖြင့် ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးပြီး အခြားငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

 

ကာလော့ခရိုင်တွင် နေထိုင်သူ အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ယမန်နေ့ညပိုင်းက ၎င်း၏ဇနီးဟောင်း နေအိမ်သို့ရောက်ရှိလာပြီး AK47 သေနတ်ဖြင့် လေးကြိမ်ပစ်ခတ်ခဲ့ရာ သူမ၏ အသက် ၁၂ နှစ်အရွယ် သားတစ်ဦး သေဆုံးခဲ့သည်။

 

ထို့နောက် ယင်းသေနတ်သမားသည် အိမ်နီးချင်းအိမ်သို့ သွားရောက်ကာ ၁၅ ကြိမ် ထပ်မံ ပစ်ခတ်ခဲ့ရာ အသက် ၄၃ နှစ် အရွယ် ဇနီးဟောင်း၏အစ်ကိုဖြစ်သူ သေဆုံးခဲ့သည်။

 

အိမ်ထောင်ရေးပြိုကွဲခဲ့ပြီးနောက် ထိုအမျိုးသားမှာ ဇနီးဟောင်းကို အဆက်မပြတ် ဆက်သွယ်ခဲ့သော်လည်း ဆဲလ်ဖုန်းနံပါတ် ပြောင်းသွားခဲ့သဖြင့် ဆက်သွယ်၍ မရရှိခဲ့ပေ။ ထို့ကြောင့် ဇနီးဟောင်း၏ မိသားစုဝင်အားလုံးကို သေနတ်ဖြင့်ပစ်ခတ်မည်ဟု ယင်းအမျိုးသားက ခြိမ်းခြောက်ခဲ့ကြောင်း ဒေသန္တရ မီဒီယာ၏ ပြောကြားချက်အရ သိရသည်။

 

အငြိုးဖြင့် ပစ်ခတ်ခဲ့သည့် ထိုဗီယက်နမ်အမျိုးသားကို သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံရှာဖွေနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို