ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်း ကော်မတီအစည်းအဝေး(၂/၂၀၂၀) ကျင်းပ

နေပြည်တော် ၁၄  ဇန်နဝါရီ 

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ အစည်းအဝေး(၂/၂၀၂၀)ကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူး ဦးဌေးဝင်းအောင်(ခ)ဦးပြုံးချို၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်ထောင်စုလွှတ်တော် ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

 

ယနေ့ကျင်းပသည့် အစည်းအဝေးတွင် ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ ဆွေးနွေးဆုံးဖြတ်မှုများကို ပြီးပြတ်အောင် ဆောင်ရွက်ပြီးဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်)ကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းအခန်း (၁၂)ပါပြဋ္ဌာန်း ချက်များနှင့် အညီပြုစု၍ ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမတိုင်မီ တင်သွင်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်