ဂျိုကာ (Joker) ဇာတ်ကားဟာ အော်စကာဆု ၁၁ဆု အတွက် အမည်စာရင်းလျာထားခံရ

၁၄ ဇန်နဝါရီ

 

ဂျိုကာ (Joker) ဇာတ်ကားဟာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု၊ ဒါရိုက်တာဆုနဲ့ အကောင်းဆုံးအမျိုးသား သရုပ်ဆောင် ဆု အပါအဝင် ၁၁ ဆုအတွက် အမည်စာရင်း လျာထားခံကြောင်း မနေ့(တနင်္လာနေ့) က အယ်အေ(Los Angeles) မှာ ထွက်ပေါ်လာခဲ့ပါတယ်။

 

The Irishman၊ 1917 နဲ့ Once Upon a Time... in Hollywood အပါအဝင် ဇာတ်ကား ၁၀ ခုရဲ့ အမည်တွေဟာလည်း အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုရရှိနိုင်ကြောင်း မနေ့က ထွက်ပေါ်လာတဲ့ လျာထားမှုစာရင်းမှာ တွေ့ရပါတယ်။ 

 

The Irishman၊ 1917 နဲ့ Once Upon a Time... in Hollywood ဇာတ်ကားတွေဟာ အော်စကာဆု ၁၀ ဆုစီ ရနိုင်ကြောင်း အမည်စာရင်းလျာထားမှုတွင် ပါဝင်နေတာကို တွေ့ရပါတယ်။ 

 

အကောင်းဆုံး ဒါရိုက်တာဆုအတွက် အမည်စာရင်းလျာထားမှုတွင် The Irishman ဇာတ်ကားရိုက်ကူးသူ မာတင် စကောစီး၊ Joker ဇာတ်ကားရိုက်ကူးသူ တော့ဒ် ဖိလစ်စ်၊ 1917 ဇာတ်ကားရိုက်ကူးသူ ဆမ် မန်ဒီစ် ၊Once Upon a Time... in Hollywood ရိုက်ကူးသူ ကွမ်တင် တာရန်တီနို နဲ့ Parasite ဇာတ်ကားရိုက်ကူးသူ ကိုရီးယားလူမျိုး ဘွန်ဂျိုဟို တို့အပါအဝင် အမျိုးသား ဒါရိုက်တာငါးဦးကိုသာ လျာထားတဲ့အတွက် အမျိုးသမီးဒါရိုက်တာတွေ မပါဝင်တာကို တွေ့ရပါတယ်။

 

တစ်နည်းအားဖြင့် လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ဒါရိုက်တာအမည်စာရင်း လျာထားမှုတွင် ဒါရိုက်တာ အယောက် ၅၀ မှာ ၄၉ ဦးဟာ အမျိုးသားတွေ ဖြစ်တာကို တွေ့ရပါတယ်။

 

ဂျိုကာ (Joker) ဇာတ်ကားမှ ဝါကင် ဖီးနစ်၊ Once Upon a Time... in Hollywood ဇာတ်ကားမှာ လီယိုနာဒို ဒီကာပီယို အပါအဝင် ဇာတ်ကား ငါးကားမှ အမျိုးသားသရုပ်ဆောင် ငါးဦးကို အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆု ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

 

Marriage Story ဇာတ်ကားမှ စကားလက် ဂျွန်ဆင်၊ Bombshell ဇာတ်ကားမှ ချာလီ သည်ရွန်တို့အပါအဝင် ဇာတ်ကား ငါးကားမှ အမျိုးသမီး သရုပ်ဆောင် ငါးဦးကို အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် ဆု ရရှိနိုင်ကြောင်း လျာထားစာရင်းမှာ ပါဝင်နေတာကို တွေ့ရပါတယ်။

 

ထွက်ပေါ်လာတဲ့ အော်စကာဆုရှင် လျာထားမှု စာရင်းမှာ အမျိုးသမီးနဲ့ လူနည်းစုတိုင်းရင်းသားတွေရဲ့ အမည် ပါဝင်ဟာ နည်းနေသေးကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။

 

ဖေဖေါ်ဝါရီ ၉ ရက်နေ့မှာ အော်စကာဆုပေးပွဲကို ဟောလိဝုဒ်တွင် ကျင်းပမှာဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP