ကျောက်မျက်ရတနာ အချောထည်ဒီဇိုင်းပြိုင်ပွဲ ဧရာဝတီလင်းပိုင်ရင်ထိုး ပထမဆုရရှိ

ရန်ကုန်  ၁၃   ဇန်နဝါရီ 

ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်)က ကြီးမှူးကျင်းပသည့် တတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာပြပွဲ ၂၀၂၀ ကိုလှိုင်မြို့နယ်ရှိ Lotte Hotel တွင် ဇန်နဝါရီ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ ပြသရောင်းချခဲ့သည်။ 

အဆိုပါပြပွဲတွင် ကျောက်မျက်ရတနာအချောထည် ဒီဇိုင်းပြိုင်ပွဲကို ထည့်သွင်းကျင်းပရာ Jewellery Design Award ပထမဆုကို ဧရာဝတီလင်းပိုင် ရင်ထိုးမှရရှိသွားသည်။ Treasure Star Find Gems and Jewellery မှ Production and Design မန်နေဂျာ ဦးကျော်ဆန်းသွင်က ပြောကြားရာတွင် မြန်မာနိုင်ငံရှိ ဧရာဝတီလင်းပိုင်များကိုတန်ဖိုးထားရန်နှင့် ဆက်လက်ရှင်သန်ထိန်းသိမ်းစေရန် ရည်ရွယ်ချက်ဖြင့် ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့ကြောင်း ဧရာဝတီမြစ်၊ ဧရာဝတီလင်းပိုင်နှင့်မြန်မာ့ မိုးကုတ်နီလာနှင့် စိန်တို့ကို ရတနာ ၃ မျိုးဟုသတ်မှတ်ပြီး ရှားပါးလာသည့် ဧရာဝတီလင်းပိုင်များကို ချစ်မြတ်နိုးစေရန် ရည်ရွယ်ချက်ဖြင့် ရတနာ ၃ မျိုးပါဝင်သည့် ဆုရရင်ထိုးဒီဇိုင်းကို ဆက်လက်ထုတ်လုပ်မည်ဖြစ်ကြောင်း တန်ဖိုး ကျပ်သိန်း ၃၀ဝ ရှိကြောင်းပြောကြားသွားသည်။ 

Founder နှင့် CEO ဖြစ်သူ ဒေါ်မိုးမိုးရွှေက ပြောကြားရာတွင် မြန်မာ့လက်ဝတ်ရတနာများ အဆင့်အတန်းမြင့်မားပြီး နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ရန်ရည်ရွယ်ကြောင်း ဝတ်ဆင်သူများအဖို့ အများနှင့်မတူ တစ်ခုတည်းသာရှိသည့် ဒီဇိုင်းမျိုးဖြင့် ထုတ်လုပ်ကြောင်း ဝတ်ဆင်သူတို့၏မျိုးဆက် ပြောင်းသွားသော်လည်း နှစ်သက်ကျေနပ်ပြီး ဆက်လက်တန်ဖိုးထားမြတ်နိုးစေရန် ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ခဲ့ကြောင်း ပြောကြားသွားသည်။

ထို့ပြင် Jewellery Drawing Award ဒုတိယဆုကို ဒီဇိုင်းနာ မထက်ထက်စု၏ လင်းရောင်ခြည် ရင်ထိုးက လည်းကောင်း နှစ်သိမ့်ဆုကို ဒီဇိုင်းနာ အိရွှေစင်ဝင်း၏ ရေအောက်ရှိငါးနှင့် သန္တာကျောက်တုံးများက လည်းကောင်း ရရှိကြသဖြင့် ယခုနှစ်တွင်ဆု ၃ ဆုရရှိကြောင်း  ၂၀၁၉ ခုနစ်ပြိုင်ပွဲတွင်ဆု ၆ ဆုရရှိခဲ့ကြောင်း Founder နှင့် CEO ဖြစ်သူ ဒေါ်မိုးမိုးရွှေက ပြောကြားခဲ့သည်။

အောင်သူရ