အသင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်မည့် MNL ယူ-၁၉ လိဂ်ပြိုင်ပွဲ ဇန်နဝါရီ ၁၄ ရက် စတင်မည်

၁၃  ဇန်နဝါရီ


မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပမည့် ၂၀၂၀ ရာသီ MNL ယူ-၁၉ လူငယ်လိဂ်ပြိုင်ပွဲကို ဇန်နဝါရီ ၁၄ ရက် တွင် စတင်ကျင်းပမည်ဖြစ်ပြီး အသင်းပေါင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ယခုရာသီမှစတင်ကာ လူငယ်လိဂ်ပြိုင်ပွဲ ကျင်းပသည့်ပုံစံကို ပြောင်းလဲခဲ့သောကြောင့် ပြိုင်ပွဲဝင်အသင်းအရေအတွက် များပြားလာခြင်းဖြစ်ပြီး မြန်မာလူငယ် ယူ-၁၆ အသင်းအပါအဝင် အသင်းပေါင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ MNL နှင့် MNL-2 လိဂ်ပြိုင်ပွဲယှဉ်ပြိုင်နေသည့် ကလပ်အသင်းများမှ လူငယ်အသင်းများအားလုံး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး MNL -2 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ လက်ရွေးစင်အသင်း၏ လူငယ်အသင်းနေရာတွင် ယူ-၁၆ လူငယ်လက်ရွေးစင်အသင်းက ယှဉ်ပြိုင်မည်ဖြစ်သည်။ 

 

‌ေ

 

ပြိုင်ပွဲဝင်အသင်း ၂၀ ရှိသောကြောင့် တစ်ပတ်လျှင် ၁၀ ပွဲ ကျင်းပမည်ဖြစ်ပြီး စလင်း၊တောင်ဒဂုံ၊ တက္ကသိုလ်၊ YUSC၊ ဗဟန်းကွင်းအပြင် သုဝဏ္ဏမြက်ခင်းတုကွင်းတွင်ပါ ကျင်းပမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ ပွဲစဉ် (၁) အဖြစ် ဇန်နဝါရီ ၁၄ ရက်တွင် MFF Youth အသင်းနှင့် ချင်းယူနိုက်တက်အသင်း၊ စလင်းကွင်း၌ ဧရာဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ တောင်ဒဂုံကွင်း၌ ယောမြေအသင်းနှင့် ကချင်ယူနိုက်တက်အသင်း၊ ဗဟန်းမြက်ခင်းတုကွင်း၌ ဇွဲကပင်အသင်းနှင့် ရတနာပုံအသင်း၊ ဇန်နဝါရီ ၁၅ ရက်တွင် စလင်းကွင်း၌ Southern အသင်းနှင့် ရန်ကုန်အသင်း၊ တက္ကသိုလ်ကွင်း၌ စစ်ကိုင်းအသင်းနှင့် တက္ကသိုလ်အသင်း၊ YUSC ကွင်း၌ ရခိုင်အသင်းနှင့် Chinland အသင်း၊ ဇန်နဝါရီ ၁၆ ရက်တွင် စလင်းကွင်း၌ မောရဝတီအသင်းနှင့် ငွေကြယ်ပွင့်အသင်း၊ တောင်ဒဂုံကွင်း၌ မကွေးအသင်းနှင့် အား/ကာသိပ္ပံအသင်း၊ ဗဟန်းကွင်း၌ ဟံသာဝတီအသင်းနှင့် မြဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ပထမအကျော့ပွဲစဉ်များကို ဇန်နဝါရီ ၁၄ ရက်မှ မေ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။ MNL ယူ-၁၉ လိဂ်ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက သုံးရာသီဆက်တိုက် ဗိုလ်စွဲထားသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်