မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးအား ဇန်နဝါရီလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည်

မန္တလေး  ၇ ဇန်နဝါရီ

 

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို ယခုလ ၂၈ ရက်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောသည်။

 

ဇန်နဝါရီလ ၂၈ ရက်တွင် ပြန်လည် စတင်မည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှ ဖြည့်စွက် ဘတ်ဂျက် အတည်ပြုခြင်း လုပ်ငန်းများအပါအဝင် အဆိုတင်သွင်းခြင်း၊ မေးခွန်းမေးမြန်းခြင်း ဆောင်ရွက်မည်ဖြစ်ပြီး ဖေဖော်ဝါရီလကုန်အထိကျင်းပရန် ခန့်မှန်းထားကြောင်းသိရသည်။

 

"လွှတ်တော် ကိုယ်စားလှယ်တွေတင်သွင်းထားတဲ့ဥပဒေတွေကို ဆွေးနွေးမယ်။နောက်ပြီး ခရီးသွား ဥပဒေ၊ လက်လုပ်လက်စား ကျောက်မျက်ဥပဒေတွေကို ဆွေးနွေးခြင်းတွေလုပ်မယ် " ဟု ၎င်းက ပြောသည်။

 

လက်ရှိအချိန်တွင် လွှတ်တော် သဘောတရားအရ လွှတ်တော်တွင် ဆွေးနွေးမည့်အကြောင်းအရာများ ကို ၁၅ ရက် ကြိုတင် တင်သွင်းရသည့်အတွက် လတ်တလောအချိန်တွင် မေးခွန်းနှင့် အဆိုတင်ပြမှုများ ကို လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

 

သူရိန်လင်း