ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ၁၈ ဒီဇင်ဘာ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှန်အောရ်၏ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ဟောက်ဆင် ကျေးရွာအတွက် သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ဟားခါးမြို့နယ်၊ ဟောက်ဆင်ကျေးရွာ သောက်သုံးရေရရှိရေးအတွက် ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၃၂ သန်းဖြင့် ရေလှောင်ကန် ဂါလန် ၅၀ဝ၀ဆံ့(၂)လုံး၊ ရေပိုက်သွယ်ယူခြင်း ပေ(၂၈၀ဝ)၊ Pump Engine ဝယ်ယူတပ်ဆင်ခြင်းနှင့် ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့၏ ဖြေကြားချက်အရ ရှင်းလင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဆိုင်ကကျေးရွာအုပ်စု၊ ဆိုင်ကကျေးရွာနှင့် ရွာဘုတ်ကျေးရွာအကြား ကျေးရွာချင်းဆက်လမ်း (၆)မိုင်နှင့် ရွာခွါကျေးရွာနှင့် ဆိုင်ကကျေးရွာကြား ကျေးရွာချင်းဆက်လမ်း (၈)မိုင်၊ ဆိုင်ဆီချောက်လမ်း၊ ဘုန်တလန်ကျေးရွာသစ်မှ ဘုန်တလန်ကျေးရွာဟောင်း (၂)မိုင်တို့အား ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့် လမ်းပိုင်းများ လမ်းတာချဲ့ဖောက်လုပ်ပေးခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဒေသတာဝန်ရှိသူများနှင့် ပူးပေါင်းကွင်းဆင်းစိစစ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ သတ်မှတ်စီမံကိန်း အဆိုပြုလွှာပုံစံဖြင့် တင်ပြလာမည်ဆိုပါက ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ထည့်သွင်းလျာထားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ် ၏ ရခိုင်ပြည်နယ်၌ အရန်ရိက္ခာဆန် သိုလှောင်ရေးနှင့် ဖြန့်ဝေရေးကို မည်ကဲ့သို့ စီစဉ်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ရန်ပုံငွေဖြင့် ပြည်နယ်အတွင်း မြို့အလိုက် ဒေသဆန်များ ဝယ်ယူထောက်ပံ့ပေးခြင်း၊ UN/INGO/NGO များ၊ လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက် မှုဖြင့်လည်း ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် လတ်တလောတွင် ရခိုင်ပြည်နယ်အတွင်း အရန်ရိက္ခာဆန် သီးသန့် အစီအစဉ်ဖြင့် သိုလှောင်ထားမှု မရှိသော်လည်း အရေးပေါ်လိုအပ်ပါက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံး၊ သိုလှောင်ရုံများတွင် ခေတ္တသိုလှောင်ထားရှိပြီး ထောက်ပံ့ပေးလျက်ရှိပါကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ဖြေကြားသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အမျိုးသားလွှတ်တော် က အတည်ပြုပြီး ပေးပို့ထားသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတို့အား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်၏ ပြင်ဆင်ချက်ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ် အသီးသီးတွင် အစိုးရအဆက်ဆက် အသုံးပြုခဲ့သော လက်ရှိအသုံးပြုခြင်းမရှိတော့ဘဲ တဖြည်းဖြည်း ဟောင်းနွမ်းယိုယွင်း ပျက်စီးနေပြီဖြစ်သည့် အဆောက်အဦများတည်ရှိရာ ဝန်ကြီးဌာနပိုင်မြေများ၊ ကျေးရွာများရှိ စပါးဒိုင် အဆောက်အဦနှင့် မြေနေရာများအား မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အများပြည်သူ အကျိုးဖြစ်ထွန်းသော လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် မြို့ပြမြေရှားပါးမှုကို ဖြေရှင်းနိုင်ရန်အတွက် လည်းကောင်း၊ မြို့စီမံခန့်ခွဲခွင့်ရ မြေနေရာများ (City Land) အဖြစ် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြန်လည်စွန့်လွှတ် လွှဲပြောင်းပေးနိုင်ပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း က ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ်ပြီး မိမိတို့အတွက် မလိုအပ်သည့် အရာများကို ပြန်လည်စွန့်လွှတ်ပေးရမည် ဖြစ်သော်လည်း မစွန့်လွှတ်နိုင်ခြင်းကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံတွင် ယခင်ကအသုံးပြုပြီး ယခုအသုံးမပြုတော့သည့် ဝန်ကြီးဌာန အသီးသီးအောက်တွင်ရှိသည့် မြေများ၊ အဆောက်အဦများသည် မြို့နှင့် ရပ်ကွက်၊ ကျေးရွာအသီးသီးတွင် ရှိနေဆဲပင်ဖြစ်ပါကြောင်း၊ ယင်းတို့ကို ပြန်လည်စိစစ်၍ နိုင်ငံအတွက်၊ မြို့ရွာအတွက် အကျိုးရှိအောင် အသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဦးကိုကိုနိုင်၏ အဆိုကို လေးနက်စွာ ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ် က ခေတ်အဆက်ဆက် အသုံးပြုခဲ့ကြပြီး လက်ရှိအသုံးပြုခြင်း မရှိတော့သည့် ဝန်ကြီးဌာနပိုင်မြေ နေရာများနှင့် အဆောက်အဦများကို ပုဂ္ဂလိကသို့ ရောင်းချခြင်း၊ ငှားရမ်းခြင်း မပြုတော့ဘဲ ဒေသနှင့် ဒေသခံပြည်သူလူထုအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းနိုင်ပြီး လိုအပ်ချက်ရှိသည့် အဆောက်အအုံများ ဆောက်လုပ်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ပြန်လည်စွန့်လွှတ်လွှဲပြောင်းပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လေးနက်စွာ ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး က မြန်မာနိုင်ငံရှိ မြို့၊ ရွာအနှံတွင် အကျိုးမဲ့ဖြစ်နေသည့် မြေယာ၊ အဆောက်အအုံ များပြားစွာရှိနေပါကြောင်း၊ ယင်းတို့ကို အများအကျိုးအတွက် ပြည်သူများနှင့်အတူ ပေါင်းစပ်၍ နိုင်ငံဖွံ့ဖြိုး စေရန် ဆောင်ရွက်နိုင်ပါကြောင်း၊ ထို့ကြောင့် မြို့၊ ရွာဒေသအနှံ့တွင် အကျိုးမဲ့ဖြစ်နေသည့် နိုင်ငံတော်ပိုင် အဆောက်အအုံများကို အစိုးရ၏ စီမံခန့်ခွဲမှုအရ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် ယခုကဲ့သို့ အစိုးရအား တိုက်တွန်းကြောင်း အဆိုကို မိမိအနေဖြင့် လေးနက်စွာ ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

ယင်းအဆိုကို တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးရဲအောင်စော၊ မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်လှဌေး(ခ) ဒေါ်အုန်းကြည်နှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဦးလှဆန်း၊ တို့က ဆက်လက်ဆွေးနွေး ကြသည်။

 

ဆက်လက်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အဆိုနှင့် စပ်လျဉ်း၍ ပြန်လည် ရှင်းလင်းဆွေးနွေးရာတွင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်ကို ၁၉၉၅ခုနှစ် ဇန်နဝါရီ ၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀/၁၉၉၅) ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မ ရှင်ကို ၂၀၁၆ခုနှစ် မေ ၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀/ ၂၀၁၆)ဖြင့် အသစ်ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့နောက် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်သို့ တင်ပြလာ သည့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ တင်ပြချက်၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များ၏ ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် တင်ပြချက်များကို သုံးသပ်ပြီး နိုင်ငံပိုင်မြေ၊ အဆောက်အအုံများကို လွှဲပြောင်းပေးသင့် သည်များကို လွှဲပြောင်းပေးရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုမှာ ပြည်ထောင်စု အစိုးရအဖွဲ့က ချမှတ်ထားသည့် မူဝါဒများနှင့် ကိုက်ညီမှုရှိပြီး ပြည်ထောင်စုအစိုးရ အဖွဲ့မှ မူဝါဒများ ထုတ်ပြန်ပြီး လိုက်နာဆောင်ရွက်စေခြင်း၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်ဖွဲ့စည်း၍ ပုံမှန်ကိုင်တွယ် ဖြေရှင်းဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ဖြစ်ပါသဖြင့် အဆိုကို မှတ်တမ်းအဖြစ် ထားရှိသင့်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အဆိုရှင် ဦးကိုကိုနိုင် က အများပြည်သူအကျိုးစီးပွား ဖြစ်ထွန်းနိုင်မည့်လုပ်ငန်းများ အဆောတလျင် ဆောင်ရွက် နိုင်ရန်အတွက် အဆိုကို အတည်ပြုပေးနိုင်ရန်အတွက် လွှတ်တော်၏ အဆုံးအဖြတ်ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုကို အတည်ပြုရန် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၁၁၄မဲ၊ ကန့် ကွက်မဲ ၅၇ မဲ၊ ကြားနေမဲ ၅ မဲဖြစ်သဖြင့် ထောက်ခံမဲများသဖြင့် အဆိုကို အတည်ပြုကြောင်း ကြေညာသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ တင်သွင်း မေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်းနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇)မှ ဦးဇော်ဟိန်းတို့က ဆွေးနွေးကြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေ က လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေး၍ ကော်မတီ၏ အစီရင်ခံစာ ကို သဘောတူ လက်ခံရန် အဆိုတင်သွင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၉ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်