သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာန  ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်  ၁၅    ဒီဇင်ဘာ

 

“သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာန (research capacity strengthening training center)” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) ၌ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိုင်ငံတော်၏ ကဏ္ဍစုံတွင် ဘက်စုံ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများသည် မရှိမဖြစ် အရေးကြီးပါကြောင်း၊ ယခုကဲ့သို့ သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာနကို ဖွင့်လှစ်နိုင်ခြင်းသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် အဓိကသမိုင်းမှတ်တိုင်ကြီး တစ်ခုပင်ဖြစ်ပြီး ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီးတစ်ခုလုံး အရည်အသွေး ပိုမိုမြင့်မားကာ ထိရောက်အောင်မြင်မှုများ ရရှိစေရေးအတွက်များစွာ အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း။

 

ဆေးသုတေသနဦးစီးဌာနသည် နိုင်ငံတကာတက္ကသိုလ်နှင့်အဖွဲ့အစည်းများနှင့်သုတေသန စီမံချက် လုပ်ငန်း (၄၁) ခုအားနားလည်မှုစာချွန်လွှာများ ရေးထိုးခဲ့ပြီး (၂၀၁၈-၂၀၁၉) ခုနှစ်တွင် သုတေသန စီမံချက်ပေါင်း(၃၆) ခုပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ သုတေသနပြုလုပ်သူများ၏ စွမ်းဆောင်ရည်များ ပိုမိုမြင့်မားကာ သုတေသနများ ပိုမိုအဆင့်အတန်းမြင့်မား၍ နိုင်ငံတော်နှင့် ဝန်ကြီးဌာနတို့အတွက် ပိုမိုအကျိုးရှိစေရန်အတွက် သုတေသနဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု လုပ်ငန်းများကိုလည်း အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာနကြီး ပိုမိုပီပြင်စွာပေါ်ထွန်းလာရေးအတွက် ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံး ပံ့ပိုးသွားမည်ဖြစ်ပြီး ဦးစီးဌာနအားလုံးမှဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် (၂၀၁၇) ခုနှစ်တွင် ချမှတ်ခဲ့သောအမျိုးသား ကျန်းမာရေးသုတေသန မူဝါဒတွင် ပါဝင်သော အချက်များကို ပြန်လည်သုံးသပ်၍ မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေများနှင့် ကိုက်ညီပြီး လက်တွေ့အောင်မြင်ထိရောက်စွာ ဆောင်ရွက်နိုင်မည့် မဟာဗျူဟာများနှင့် လုပ်ငန်းစဉ်များကို ရေးဆွဲချမှတ်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ဆေးသုတေသနဦးစီး ဌာနတွင် ကျင့်ဝတ်ဂုဏ်သိက္ခာ မြင့်မားခိုင်မာသော သုတေသနများဖြစ်စေရေး စောင့်ကြည့်ရေး အဖွဲ့ (office of research integrity unit)ကိုလည်း မကြာမီ ဖွဲ့စည်းဆောင်ရွက်သွားစေလိုပါကြောင်း။

 

ပညာရေးကဏ္ဍတွင်လည်း သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် သင်ကြားသူဆရာ၊ ဆရာမများ၏ အရည်အသွေး၊ အသိပညာနှင့်သင်ကြား ပုံနည်းစနစ်များ ကောင်းမွန်လာကာ လေ့ကျင့်မွေးထုတ်ပေးမည့် ကျောင်းသား၊ ကျောင်းသူများ၏ အရည်အသွေးပါ ပိုမိုမြင့်မားလာ မည်ဖြစ်သဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းလက်တွဲ၍ သင်တန်းများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သင်တန်းများပြုလုပ်သည့်အခါ ဆေးသုတေသဦးစီးဌာနမှသာမက ဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့် ပညာရေးဝန်ကြီးဌာနမှပညာရှင်များကိုပါဖိတ်ခေါ်၍ သက်ဆိုင်ရာကျွမ်းကျင်မှု အလိုက်ပို့ချဆွေးနွေးခြင်းကို ဆောင်ရွက်စေရမည်ဖြစ်ပါကြောင်း၊ ထို့ပြင်ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများကိုလည်း သင်တန်းသားအဖြစ် ပါဝင်တက်ရောက်စေမည်ဖြစ်ပါကြောင်း၊ ထို့အတွက် ဤဌာနကြီးသည် ဝန်ကြီးဌာန နှစ်ခုလုံးအတွက် အကျိုးရှိမည့် ဌာနကြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်ကြီး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအရေးကြီးသည့် သုတေသနကဏ္ဍကြီး ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အားလုံးမှ ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိုင်ငံတော်၏ ကဏ္ဍစုံတွင် ရေရှည်တည်တံ့၍ ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန် သုတေသနစွမ်းဆောင်ရည်များ မြင့်မားရန်မှာ အရေးကြီးပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် သုတေသနလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ရှိနေရာ ဒေသအသီးသီးတွင် ဒေသအလိုက် အားသာချက်နှင့် လိုအပ်ချက်များသည် ကွဲပြားခြားနားမှုများရှိပါကြောင်း၊ ထိုသို့ကွဲပြား ခြားနားမှုများကို သုတေသနပြုလေ့လာမှုများ ပြုလုပ်ကာအားသာချက်များကို ပိုမိုအားကောင်းစေရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန် လုပ်ဆောင်ခြင်းသည် အရေးကြီးပါကြောင်း။

 

သုတေသနပညာရှင်များအချင်းချင်း ဆွေးနွေးဖလှယ်ခြင်း၊ သုတေသနစာတမ်းများ ဖတ်ကြားခြင်း၊ သုတေသနဂျာနယ်များတွင် ရေးသားခြင်းတို့ကို သာမကသုတေသနရလဒ်နှင့် တွေ့ရှိချက်များကို မိမိတို့နိုင်ငံအတွက် လက်တွေ့လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အသုံးခ ျဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အစိုးရကဏ္ဍနှင့်ပုဂ္ဂလိကကဏ္ဍ ချိတ်ဆက်မှု အားကောင်းစွာဖြင့် နိုင်ငံတော်အတွက် အကျိုးရှိစေမည့် သုတေသနလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပိုမိုလက်တွဲပူးပေါင်း၍ သုတေသနလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဆေးသုတေသဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ယခုနှစ်ဘဏ္ဍာရေးနှစ်တွင် သုတေသနစွမ်းဆောင် ရည်လေ့ကျင့် မြှင့်တင်ရေးဗဟိုဌာန အဆောက်အဦ သစ်တိုးချဲ့တည်ဆောက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost က ဂုဏ်ပြုဝမ်းမြောက် စကားပြောကြားခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ လိုအပ်သော ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းနှင့် ဆေးသုတေသဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း တို့က သုတေသနစွမ်းဆောင်ရည်လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာနကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာနဆိုင်းဘုတ်ကို အမွှေးနံ့သာဖြင့် ပက်ဖြန်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာနရှိ စာကြည့် တိုက်များ၊ ကွန်ပြူတာခန်းမ၊ သင်တန်းသား/ သင်တန်းသူ အဆောင်များ၊ နားနေဆောင်နှင့် ထမင်းစားဆောင်များကို လှည့်လည်ကြည့်ရှုသည်။

 

သုတေသန စွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာနတွင်သုတေသနဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်မှု သင်တန်းများကို စာတွေ့၊ လက်တွေ့၊ အပြန်အလှန်ဆွေးနွေးမှု၊ အဖွဲ့ လိုက် ဆွေးနွေးမှုစသည့် ပုံစံများဖြင့် သင်ကြားသင်ယူမှုများ ပုံမှန်ပြုလုပ်သွားမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနမှ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (website) တွင် ကြေညာဖိတ်ခေါ်ပြီး သင်တန်းသတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို တက်ရောက်စေမည်ဖြစ်သည်။

 

သုတေသန စွမ်းဆောင်ရည်လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာနတွင် သင်တန်းတက်ရောက်သူ များအတွက် နေထိုင်ရန်၊ စားသောက်ရန်နှင့်သွားလာရန်တို့ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ စီစဉ်ထားရှိကြောင်း သိရသည်။

 

(သတင်းစဉ်)