လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ဒုတိယနေ့ ဆက်လက်ကျင်းပ

မကွေး   ၁၅   ဒီဇင်ဘာ 

 

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ဒုတိယနေ့ကို ယနေ့နံနက် (၉)နာရီတွင် မကွေးတက္ကသိုလ်အတွင်း ဆက်လက်ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသားလူငယ်များ၊ မကွေးမြို့အနီး ပတ်ဝန်းကျင်မှ ​ဒေသခံပြည်သူများဖြင့် အထူးစည်ကားခဲ့သည်။

 

လူငယ်ဆိုင်ရာဆွေးနွေးပွဲများအဖြစ် မကွေးတက္ကသိုလ် Y ဆောင်တွင် နံနက် ၁၀ နာရီအချိန်မှ နေ့လယ် ၁၂ နာရီအချိန်အထိ "လူငယ်နှင့် အနာဂတ်ဘဝလမ်းကြောင်း ရွေးချယ်မှု" ခေါင်းစဉ်ဖြင့် ဒေါ်ဌေးယဉ်ဝင်း၊ မကြူကြူခိုင်၊ မမုန်းစုမေ၊ ကိုရဲလင်းအောင်နှင့် ကိုရဲရင့်ထွန်းတို့က လည်းကောင်း၊ မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ "လူငယ်နှင့် ဘက်စုံဖွံ့ဖြိုးမှု" ခေါင်းစဉ်ဖြင့် ဉီးခန့်သီဟ၊ ဒေါက်တာညီညီ၊ ကိုအောင်မျိုးသူ၊ ကိုဇွဲထက်နှင့် မစုစုထားတို့က လည်းကောင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

 

ထို့ပြင်တက္ကသိုလ် Theatre ခန်းမတွင် နံနက် ၁၀ နာရီမှ ၁၂ နာရီအချိန်အထိ ရင်ခွင်မဲ့ ကလေးများ ကာကွယ်စောင့်ရှောက်ရေး အသင်း(ဗဟို)က "အခြေခံမျိုးဆက်ပွား ကျန်းမာရေး" ခေါင်းစဉ်ဖြင့် လူငယ်များအား အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး မွန်းလွဲ(၂) နာရီတွင် "အနုပညာလိုက်စား လူငယ်များ" ခေါင်းစဉ်ဖြင့် လူငယ်သရုပ်ဆောင် စည်သူဝင်းနှင့် ဝေလာရီတို့က ပါဝင်ဆွေးနွေးခဲ့ကြရာ စိတ်ပါဝင်စားသူ လူငယ် ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

 

အားကစားဆိုင်ရာ လှုပ်ရှားမှုများအဖြစ် ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ဘောလုံးဂိုးသွင်းကစားခြင်း၊ ဘတ်စကတ်ဘော ဂိုးသွင်း၊ ခေါင်းအုံးရိုက်ကစားခြင်းနှင့် ဂုံနီအိတ်စွပ်ကစားခြင်းများကို တက္ကသိုလ်အားကစားရုံ အတွင်းဘက်၊ အပြင်ဘက်၊ ဘောလုံးအားကစားကွင်း နှင့် အားကစားရုံ အနီးတဝိုက်တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲတော်သို့ လာရောက်သူများက ပျော်ရွှင်စွာ အားပေးကြည့်ရှု ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြသည်။

 

ထို့ပြင်ဘွဲ့နှင်းသဘင်ခန်းမအတွင်း၌လည်း သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အနုပညာရှင်များက မြန်မာ့ရိုးရာယဉ်ကျေးမှုအက၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများနှင့် ကဗျာလွတ်အကများဖြင့် လည်းကောင်း၊  တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံကျောင်းများမှ ကျောင်းသားလူငယ်များက မြန်မာ့ရိုးရာယဉ်ကျေးမှု တေးသရုပ်ဖော် အကများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများဖြင့် လည်းကောင်း အားကစားနှင့် ကာယပညာဉီးစီးဌာနမှ လူငယ်အားကစားသမားများက ဝူရှူးအားကစား သရုပ်ပြခြင်းများအား လည်းကောင်း၊ ခန်းမ အပြင်ဘက်တွင်  မြန်မာ့ရိုးရာအကကို စိတ်ပါဝင်စားသူများအား လက်တွေ့ သင်ကြားပေးခြင်းနှင့် သက်ငြိမ်ပန်းချီ လက်တွေ့ရေးဆွဲခြင်း၊ ပုံတူပန်းချီနှင့်ရုပ်ပြောင်ပန်းချီ အမှတ်တရရေးဆွဲပေးခြင်း၊ ပန်းပုရုပ်ထုများ ခင်ကျင်းပသခြင်းနှင့် လက်တွေ့ထုဆစ် သရုပ်ပြခြင်းများအပြင် ပန်းပုရုပ်ထုများနှင့် အလှပန်းအိုးများလည်း ပြသထားသည်။

 

IT ဆိုင်ရာ လှုပ်ရှားမှုအဖြစ်နှစ်ထပ်ဆောင် အောက်ထပ်နှင့် အပေါ်ထပ်တွင် နည်းပညာဆိုင်ရာ အထောက်အကူပြု ပစ္စည်းများပြသခြင်း၊ ဆိုက်ဘာလုံခြုံရေး အသိပညာပေးခြင်းနှင့် ပတ်သက်သည့် ဉာဏ်စမ်းပဟေဋိအား  စိတ်ပါဝင်စားသည့် ကျောင်းသားလူငယ်များက လာရောက်ဖြေဆို ခဲ့ကြပြီး ဆုရရှိသူများအား အမှတ်တရလက်ဆောင်များနှင့် ပြိုင်ပွဲအသိအမှတ်ပြု လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

အသိပညာပေး ဆောင်ရွက်မှုများအဖြစ် တက္ကသိုလ်ဘွဲ့နှင်းသဘင် အဝင်လမ်းမတစ်လျှောက် တွင် ဌာနဆိုင်ရာ အသိပညာပေးပြခန်းများ၊ တက္ကသိုလ်နှင့်အခြေခံကျောင်းများအလိုက် အသိပညာပေး ပြခန်းများနှင့် လူမှုအဖွဲ့အစည်းများမှ အသိပညာပေး ပြခန်းများ စုစုပေါင်း ပြခန်း(၁၀၀)ကျော်ကို ခင်းကျင်းပြသထားရာ ပွဲတော်သို့လာရောက်သူများက စိတ်ဝင်တစား လေ့လာကြည့်ရှု ခဲ့ကြသည်။

 

ဘွဲ့နှင်းသဘင်ခန်းမ အဝင်လမ်းညာဘက်တွင် စာအုပ်အရောင်းဆိုင်ပေါင်း (၄၀)ကျော် ဖွင့်လှစ် ရောင်းချလျက်ရှိရာ စာပေဝါသနာရှင်များက ဖတ်ရှုအားပေး ဝယ်ယူနေကြပြီး ဒေသထွက်ကုန်ပစ္စည်းနှင့် စားသောက်ကုန်များ၊ တိုင်းရင်းဆေးဝါးများ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ ရောင်းချသည့် ဆိုင်ခန်းများတွင်လည်း ဝယ်ယူအားပေးလျက်ရှိသည်။

 

သုံးထပ်ဆောင်ရှေ့ တေးဂီတဖျော်ဖြေရေးစင်မြင့်ထက်တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိတစ်ကြိမ်၊ ညနေ ၄ နာရီမှ ည ၇ အချိန်အထိ နိုင်ငံကျော် အဆိုတော်များဖြစ်ကြသည့် ဘိုဘိုဟန်၊ ခင်မောင်ထူး၊ တက္ကသိုလ်လဲ့လဲနှင့် ငြိမ်းချမ်းရေးဂီတပွဲတော်မှ ဆုရအဆိုရှင်များက မြန်မာ့အသံခေတ်ပေါ် တီးဝိုင်းအဖွဲ့နှင့်အတူ ပွဲတော်သို့ လာရောက်သည့် ဧည့်ပရိသတ်များအား တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေလျက်ရှိရာ အားပေးကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

 

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)၏ တတိယနေ့အဖြစ် ၁၆-၁၂-၂၀၁၉ ရက်နေ့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

သတင်း - လင်းဟန်ဇေ

ဓာတ်ပုံ - ဝေလျှံ၊ ရဲမိုး