ထန်းပင်မြစ်လှိုင်လှိုင်ပေါ်ချိန် ထန်းပင်မြစ်ပျိုးထောင်ရောင်းချသူများနှင့် တစ်ဆင့်ပွဲစားများ အဆင်ပြေ

ငါ့သရောက်  ၁၄   ဒီဇင်ဘာ 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် ထန်းပင်မြစ် ပျိုးထောင်ရောင်းချသူများနှင့် ထန်းပင်မြစ်ပွဲစားများ ထန်းပင်မြစ်ရောင်းချခြင်း၊ တစ်ဆင့်ယူပွဲစားများ နယ်ဝေးပို့ရောင်းချခြင်းဖြင့် အဆင်ပြေတွက်ခြေကိုက်နေကြကြောင်း ကျောက်ပန်းတောင်းမှ ထန်းပင်မြစ်ပွဲစား ဦးပေါ်လာက ပြောကြားသည်။

 

ငါ့သရောက်မြို့တွင် ထန်းပင်၊ ထန်တောအလွန်ပေါများကာ ထန်းတောင်သူရှားပါးလာခြင်းကြောင့် ထန်းပင်များ ထန်းလှီးမှုသိပ်မရှိတော့ဘဲ ထန်းသီးမှည့်ချိန်ဖြစ်သည့် တော်သလင်းလနှင့် သီတင်းကျွတ်လတွင် ထန်းသီးမှည့်များ လိုက်လံကောက်ယူစုဆောင်းခြင်း၊ ထန်းသီးမနုမရင့်အချိန်တွင် ထန်းသီးများတက်ခုတ်ကာ နွားစာအတွက်စဉ်းကျွေးပြီး ထန်းသီးရင့်လျှင် ထန်းသီးဆံ(အစေ့)ရင့်ခြင်းကြောင့် ပျိုးထောင်၍ရခြင်း၊ ထန်းသီးနုလျှင်နွားစာအဖြစ် အသုံးပြုခြင်းနှင့် ထန်းသီးဆံအရင့်အားခွဲကာ အပုပ်စိမ်၍ နွားများတိုက်ကျွေးလျှင် အာဟာရဓာတ်ကြွယ်ဝခြင်းကြောင့် စဉ့်အိုးများနှင့် စိမ်ထားကြပြီး နွားစာနှင့် ရောကျွေးကြောင်း ငါ့သရောက်မြို့ ကုလားတဲကျေးရွာ ဦးသန်းထိုက်မှ ပြောကြားသည်။

 

ထန်းသီးဆန်(အစေ့)အား ထန်းပင်မြစ်ဖြစ်စေရန် ပျိုးထောင်ရာတွင် သဲဆန်သည့်မြေအား ရွေးချယ်ကာ အပင်မှ ထန်းသီးမှည့်ချိန် ကောက်ယူထားသည့် ထန်းသီးအလုံးလိုက်စုပုံကာ မြေသားအုပ်ပေးခြင်း၊ ထန်းသီးအားနွားစာစဉ်းကျွေးရာမှ ထန်းသီးဆံများ စုဆောင်းထားကာ ထန်းပင်မြစ်အတွက် ပျိုးထောင်ကာ နတ်တော်လ၊ ပြာသိုလတွင် ထန်းပင်မြစ်အဖြစ်ရောက်ရှိကာ ထန်းပင်မြစ်ရင့်ချိန်တွင် တူးဖော်ရောင်းချ ကြကြောင်း သိရသည်။

 

ထန်းပင်မြစ်များတူးဖော်ရောင်းချချိန် ကျောက်ပန်းတောင်းမြို့မှပွဲစားများ ငါ့သရောက်မြို့ ထန်းပင်မြစ် ပျိုးထောင်သည့် နေရာများအထိ လာရောက်ဝယ်ယူကြကာ အခြားမြို့များသို့ပြန်လည် တင်ပို့ရောင်းချကြကြောင်း သိရသည်။ ထန်းပင်မြစ် ၂၅ ချောင်းတစ်စီးလျှင် ငါးရာကျပ်ဖောက်သည် ဈေးရောင်းချပေးကြောင်းနှင့် ပြန်လည်ရောင်းချပါက ၂၅ ချောင်းတစ်စီး တစ်ထောင်ကျပ်ဖြင့် ရောင်းချခြင်း ဖြစ်ကြောင်း ထန်းပင်မြစ်များအား ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် ပြင်ဦးလွင်မြို့များသို့ ပြန်လည်တင်ပို့ရကြောင်း ကျောက်ပန်းတောင်းမြို့မှ ထန်းပင်မြစ်ပွဲစား ဒေါ်နှင်းရီထံက သိရသည်။ ထန်းပင်မြစ်ပျိုး ထောင်ရောင်းချရာတွင် အရင်းအနှီးမလိုဘဲ လုပ်အားသာလိုအပ်ကြောင်း နတ်တော်၊ ပြာသိုလများတွင် ထန်းပင်မြစ်လှိုင်လှိုင်ပေါ်သည့်လများဖြစ်ကာ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ကျောက်ပန်းတောင်းမြို့ များသည် ထန်းပင်မြစ်အမြောက်အများထွက်ရှိသည့် ဒေသများဖြစ်ကြောင်း ဦးအောင်ဆန်းက ပြောပြသည်။

 

မောင်မောင်ထိန်၊ ကျောက်ပန်းတောင်း