သမ္မတ ဒူတာတေးက ဖိလစ်ပိုင်တောင်ပိုင်း၌ ယခုနှစ်ကုန်တွင် မာရှယ်လော ရုပ်သိမ်းမည်

မနီလာ ၁၀  ဒီဇင်ဘာ


ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် ဖိလစ်ပိုင် တောင်ပိုင်း၌ ပြဋ္ဌာန်းထားသည့် မာရှယ်လောကို ယခုနှစ်ကုန်တွင် ရုပ်သိမ်းမည်ဖြစ်ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောသည်။
အိုင်အက်စ်စစ်သွေးကြွတို့ နိုင်ငံတောင်ပိုင်းကို ခြေကုပ်ရယူမည် စိုးသောကြောင့် အဆိုပါ မာရှယ်လော ကို နှစ်နှစ်ကျော်ကြာ ပြဋ္ဌာန်းခဲ့ပြီးနောက် ယခုတစ်ခါ ပြန်လည်ရုပ်သိမ်းခြင်းဖြစ်သည်။


ဖိလစ်ပိုင်သမ္မတဒူတာတေးသည် ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုဒေသကို ၂၀၁၇ ခုနှစ် မေလတွင် မာရှယ်လော ပြဋ္ဌာန်းခဲ့သည်။ မင်ဒါနာအိုဒေသ၏ မွတ်စလင်မြို့တော် မာရဝီတွင် လူပေါင်း ၁၂၀၀ သေဆုံးခဲ့သော ငါးလကြာ တိုက်ခိုက်မှုများဖြစ်ပြီးနောက် မာရှယ်လောပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။
ဖိလစ်ပိုင်သမ္မတ အိမ်တော်က လုံခြုံရေးတပ်ဖွဲ့များသည် မာရှယ်လောမပါဘဲ မင်ဒါနာအိုဒေသ၌ ဒီဇင်ဘာ ၃၁ ရက် နောက်ပိုင်းတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းနိုင်မည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် မာရှယ်လောကို ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သမ္မတအိမ်တော် ပြောရေးဆိုခွင့်ရှိသူ ဆယ်ဗေဒါပါနယ်လိုက ပြောကြားလိုက်သည်။


ဒူတာတေး၏ လုံခြုံရေးအကြံပေးက အကြမ်းဖက်မှုများ အားနည်းလာပြီဖြစ်ကြောင်း၊ ယင်းမှာ ၎င်းတို့၏ ခေါင်းဆောင်ကို ဖမ်းဆီးလိုက်နိုင်လိုက်၍ဖြစ်ကြောင်း၊ ထို့အတူ မှုခင်းများလည်း လျော့ကျလာသည်ဟု အသိပေး ပြောကြားကြောင်း ပါနယ်လိုက ပြောသည်။


မာရှယ်လောသည် စစ်ဘက်ဆိုင်ရာအား သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်၊ စစ်ဆေးခွင့်နှင့် လက်နက်ထိန်းချုပ်ခွင့် စသည်တို့ကို ခွင့်ပြုလုပ်ပိုင်ခွင့်ပေးထားကြောင်းသိရသည်။ ထို့အတူ သံသယရှိသူများကိုလည်း ကာလရှည်ကြာစွာ ထိန်းသိမ်းခွင့်များလည်း ပေးထားကြောင်းသိရသည်။
လွှတ်တော်ကလည်း ဒူတာတေးကို ထိုသို့လုပ်နိုင်ရန် ခွင့်ပြုပေးခဲ့ကြောင်း သတင်းရရှိသည်။


အေအက်ဖ်ပီ