နိုင်ငံတကာအဆင့်မီ အထွေထွေအာမခံနှင့် အသက်အာမခံဝန်ဆောင်မှု ပေးနိုင်ရန် GGI နှင့် ဂျပန်နိုင်ငံမှ ထိပ်တန်း အာမခံကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ခြင်း စတင်

ရန်ကုန် ၃ ဒီဇင်ဘာ 

မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ အထွေထွေအာမခံနှင့် အသက်အာမခံ ဝန်ဆောင်မှုပေးနိုင်ရန် Grand Guardian Insurance (GGI) နှင့် ဂျပန်နိုင်ငံမှ ထိပ်တန်း အာမခံ ကုမ္ပဏီများဖြစ်ကြသော Tokio Marine နှင့် Nippon Life တို့ လုပ်ငန်းအကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ Junction Square Compound  ၌ကျင်းပသည်။

 

1297

 

အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်၊ GGI Holding Public Co., Ltd. ဒါရိုက်တာ ဦးရဲမြင့်၊ Tokio Marine & Nichido Fire Insurance Co., Ltd. မှ Mr. Shinkichi Miki ၊ Nippon Life Insurance Co., Ltd မှ Mr. Koji Ichiba နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ Mr. Kazuyuki Takimi တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က အမှာစကား ပြောကြားပြီး GGIH ဒါရိုက်တာ ဦးရဲမြင့်က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် စာနယ်ဇင်းရှင်းလင်းပွဲကျင်းပရာ GGIH အမှုဆောင်အရာရှိချုပ် ဦးမျိုးနောင်က GGI နှင့် ဂျပန်နိုင်ငံမှ ထိပ်တန်းအာမခံ ကုမ္ပဏီများဖြစ်ကြသော Tokio Marine နှင့် Nippon Life တို့ လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများနှင့် သမိုင်းကြောင်းတို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် မီဒီယာများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည် ဖြေကြားကြသည်။

Grand Guardian Insurance  Holding Public Company Limited (GGIH) သည် အထွေထွေအာမခံလုပ်ငန်းအတွက်  Tokio Marine & Nichido Fire Insurance Co., Ltd. (Tokio Marine) နှင့် ဖက်စပ်ဆောင်ရွက်သည့် Grand Guardian Tokio Marine General Insurance Co., Ltd. အဖြစ် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိခဲ့ပြီး အသက်အာမခံလုပ်ငန်းအတွက် Nippon Life  Insurance Co., Ltd. နှင့် Grand Guardian Nippon Life  Insurance Co., Ltd အဖြစ် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိခဲ့ပြီးဖြစ်သည်။

Tokio Marine နှင့် Nippon Life တို့သည် ဂျပန်နိုင်ငံ၏ နံပါတ်တစ် အထွေထွေ အာမခံလုပ်ငန်းနှင့် အသက်အာမခံလုပ်ငန်းများဖြစ်သည်။ GGIH သည် ပြီးပြည့်စုံသော နိုင်ငံတကာစံချိန်မီ အာမခံအမျိုးအစားများကို မြန်မာနိုင်ငံသားများထံ ယူဆောင်လာနိုင်ရန်အတွက် ဂျပန်နိုင်ငံ၏ အကောင်းဆုံးသော အာမခံကုမ္ပဏီများနှင့် ဖက်စပ်ပူးပေါင်း လုပ်ကိုင်ခြင်းဖြင့် GGIH သည် နိုင်ငံတကာစံချိန်မီ အထွေထွေအာမခံနှင့် အသက်အာမခံတို့ကို one stop service ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
Grand Guardian Tokio Marine General Insurance Co., Ltd. (GGI Tokio Marine)နှင့် Grand Guardian Nippon Life  Insurance Co., Ltd. (GGI Nippon Life) တို့သည် ဂျပန်နိုင်ငံ၏ အကောင်းဆုံးသောအာမခံ ကုမ္ပဏီများနှင့် မြန်မာနိုင်ငံ၏ အကောင်းဆုံး အာမခံကုမ္ပဏီများ ပေါင်းစပ်ထားခြင်းဖြစ်သည်။

အဆိုပါ အာမခံဖက်စပ်ကုမ္ပဏီ နှစ်ခုသည် မြန်မာပြည်သူများအတွက် မိသားစု အသက်အိုးအိမ် စည်းစိမ်နှင့် စီးပွားရေးရေရှည်တည်တံ့ရန်အတွက် အာမခံအကာ အကွယ်ယူကြရန် GGI Tokio Marine နှင့် GGI Nippon Life အသိပညာပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။

သတင်း - ရီရီမြင့် 
ဓာတ်ပုံ - ရဲထွဋ်