ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ အဏ္ဏဝါရေပြင်ဂေဟစနစ်နှင့် ငါးသယံဇာတအခြေအနေများ၏ သုတေသနရလဒ်များ ထုတ်ပြန်ပေးအပ်ခြင်း အခမ်းအနားတက်ရောက်

နေပြည်တော် ဒီဇင်ဘာ

အဏ္ဏဝါရေပြင်ဂေဟစနစ်နှင့် ငါးသယံဇာတအခြေအနေများ၏ သုတေသနရလဒ်များ ထုတ်ပြန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ နာရီတွင်  နေပြည်တော်ရှိ Kempinski ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ငါးသယံဇာတများကို ရေရှည်စဉ်ဆက်မပြတ် ဖမ်းဆီးထုတ်လုပ်နိုင်ရန် သက်ဆိုင်ရာ အစိုးရဌာနများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရ မဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ ပေါင်းစည်းဆောင်ရွက်ခြင်းကြောင့် ရရှိလာသည့် စွမ်းအားနှင့်အတူ မိမိတို့နိုင်ငံ၏ ပင်လယ်ပြင် ငါးသယံဇာတများကို လက်ရှိနိုင်ငံသားများအတွက် သာမက နောင်သားစဉ်မြေးဆက်အတွက်ပါ စီမံအုပ်ချုပ်လုပ်ကိုင်နိုင်မည့် စနစ်တစ်ရပ် တည်ထောင်ထားနိုင်အောင် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကတိကဝတ်ပြုထားသည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များဖြစ်သည့် ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ကွန်ဗင်းရှင်း၊ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း၊ နိုင်ငံအဆင့် ဗီဇမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် အပါအဝင် ပင်လယ်ကမ်းရိုးတန်း သယံဇာတများနှင့်ဆိုင်သည့် ထာဝစဉ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် နော်ဝေနိုင်ငံအစိုးရမှ Norwegian State Secretary Ms. Marianne Hagen နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ ဌာနေကိုယ်စားလှယ် Ms. Xiaojie Fan တို့က နှုတ်ခွန်းဆက်စကားပြောကြားကြသည်။

ယင်းနောက် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းသိန်းက Dr. Fridtjof Nansen သုတေသနရေယာဉ်ဖြင့် ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် မြန်မာ့အဏ္ဏဝါရေပြင် ဂေဟစနစ်နှင့် ငါးသယံဇာတအခြေအနေများ၏ သုတေသနရလဒ်များ အကျဉ်းချုပ်နှင့် နော်ဝေနိုင်ငံ၏ ရေငန်သုတေသနဌာနမှ Dr. Jens - Otto Krakstad က သိပ္ပံနည်းကျရှုထောင့်မှ အခြေခံ၍ ခြုံငုံသုံးသပ်ခြင်းဆိုင်ရာတို့ကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှ ဌာနေကိုယ်စားလှယ် Ms. Xiaojie Fan က Dr. Fridtjof Nansen သုတေသနရေယာဉ်ဖြင့် ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် မြန်မာ့အဏ္ဏဝါရေပြင် ဂေဟစနစ်နှင့် ငါးသယံဇာတအခြေအနေများ၏ သုတေသနရလာဒ်များကို ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လက်ခံရယူပြီး အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြန်မာနိုင်ငံ၏ လက်ရှိပိုင်ဆိုင်ထားသည့် ငါးသယံဇာတများကို ရေရှည်တည်တံ့ရန် ထိန်းသိမ်းဆောင်ရွက်ရာတွင် အဏ္ဏဝါဂေဟစနစ်နှင့် ငါးသယံဇာတတည်ရှိမှု ပမာဏအား ဆန်းစစ်ခြင်း သုတေသနလုပ်ငန်းများကို ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ အစီအစဉ်အရ နော်ဝေနိုင်ငံ၏ Dr. Fridtjof Nansen သုတေသနရေယာဉ်ဖြင့် မြန်မာ့ရေပြင်အတွင်း ၁၉၇၉၊ ၁၉၈၀၊ ၂၀၁၃၊ ၂၀၁၅ နှင့်  ၂၀၁၈ ခုနှစ်များတွင် ပြည်တွင်း/ပြည်ပ ပညာရှင်များနှင့် ပူးပေါင်းပြီး သုတေသနပြု ဆောင်ရွက်ခဲ့ပြီး အဆိုပါသုတေသနလုပ်ငန်းများမှ ရရှိလာသည့် တွေ့ရှိချက်ရလဒ်များကို အခြေခံသည့် အကြံပေးသုံးသပ်ချက်များကို ငါးလုပ်ငန်း စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ ချမှတ်ရာတွင် ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်