လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၃ ဒီဇင်ဘာ 

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ သုံးရက်တာ ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့   ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဒေါက်တာမျိုးသိမ်းကြီး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း မကွေးတိုင်းဒေသကြီး ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

lun1


အစည်းအဝေးတွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (ရန်ကုန်)ကို ၂၀၁၇ ခုနှစ်တွင် လည်းကောင်း၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တေလး)ကို ၂၀၁၈ ခုနှစ်တွင် လည်းကောင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယခုလူငယ်ဘက်စုံပွဲတော်(မကွေး)ကို ပိုမိုကောင်းမွန်စွာ ကျင်းပသွားနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ပြီး လူငယ်များဖွံ့ဖြိုးရေးအတွက် ကဏ္ဍစုံ  ထည့်သွင်းကျင်းပနိုင်ရန်လည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လူငယ်များဖွံ့ဖြိုးရေးကို ရည်ရွယ်သည့် ကဏ္ဍသစ်များကိုလည်း ထည့်သွင်းဆောင်ရွက်သွားသင့်ပါကြောင်း၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်များမှ ရရှိသည့် အတွေ့အကြုံများသည် လူငယ်များဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေသည့်အပြင် ၎င်းတို့၏ဘဝအတွက် ခွန်အားဖြစ်စေရန် ရည်ရွယ်ပါကြောင်း။

 

lun2


ယနေ့ခေတ် လူငယ်များသည် သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍကို စိတ်ဝင်စားမှုများသည့်အတွက် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ အသိပညာပေးမှုများကိုလည်း ပွဲတော်တွင် ထည့်သွင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ နည်းပညာနှင့်ပတ်သက်၍ အသိပညာပေးရာတွင် ယူနီကုတ် ပြောင်းလဲသုံးစွဲမှုနှင့် သက်ဆိုင်သည့် အသိပညာအပြင် ပြောင်းလဲသုံးစွဲလာသည့် ဒစ်ဂျစ်တယ်နည်းပညာနှင့် ပတ်သက်သည့် အသိပညာပေးမှုများကိုလည်း ထည့်သွင်းဆောင်ရွက်သင့်ပါကြောင်း။

ထိုကြောင့် ဆပ်ကော်မတီအသီးသီးအနေဖြင့် လူငယ်များအတွက် ရည်ရွယ်စဉ်းစားကာ သက်ဆိုင်ရာကဏ္ဍအလိုက် စီစဉ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပွဲတော်၏ အသိပညာပေး ပြခန်းများတွင်လည်း လူငယ်များစိတ်ဝင်စားမှုရှိသည့်၊ လူငယ်များအတွက် အကျိုးရှိစေမည့် ကဏ္ဍသစ်များကို ဖော်ထုတ်ဆောင်ရွက်သွားစေလိုပါကြောင်း။

လူငယ်များအတွက် စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပရာတွင်လည်း လူငယ်များ စိတ်ဝင်စားမှုရှိသည့်၊ လူငယ်များကိုယ်တိုင်ပါဝင် ဆွေးနွေးခွင့်ရှိသည့် စကားဝိုင်းများကို ဆောင်ရွက်သွားစေလိုကြောင်း၊ သို့မှသာ လူငယ်များအတွက် ရည်ရွယ်သည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်မှ အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

lun3


ထို့နောက်   ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မကွေး) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများအပြင် နည်းပညာနှင့် သက်မွေးပညာ အထက်တန်းကျောင်းများနှင့် စက်မှုလက်မှုသိပ္ပံကျောင်းများကလည်း ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါကျောင်းများက အသိပညာပေး ပြခန်းများကိုလည်း ပါဝင်ပြသသွားမည်ဖြစ်ပါကြောင်း၊ ထို့အတွက် ကြိုတင်စီစဉ်မှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

ပွဲတော်တွင် စတုတ္ထမြောက် စက်မှုတော်လှန်ရေးနှင့် ပတ်သက်သည့် အသိပညာ ပေးအစီအစဉ်ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါကြောင်း၊ နည်းပညာကဏ္ဍနှင့် သက်ဆိုင်သည့် အသိပညာပေးမှုများအပြင် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ၊ လူငယ်ကျန်းမာရေးဆိုင်ရာ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ၊ လူငယ်များအသက် အရွယ်အလိုက် လူနေမှုဘဝဆိုင်ရာနှင့် ဂိမ်းအန္တရာယ်ဆိုင်ရာ အသိပညာပေးမှုများကို ထည့်သွင်းကျင်းပသွားစေလိုပါကြောင်း။

ထို့ပြင် နည်းပညာကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံတကာနည်းပညာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် လူငယ်များ၏ အတွေ့အကြုံနှင့် လုပ်ဆောင်ခဲ့မှုများကို မျှဝေပေးသွားမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် နည်းပညာနှင့် သတင်းအချက်အလက်ဆိုင်ရာကဏ္ဍနှင့် ပတ်သက်၍လည်း ပါဝင်ပြသသွားမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပွဲတော်တွင် အသိပညာပေး ပြခန်းများအပြင် လူငယ်နှင့် သက်ဆိုင်သည့် စကားဝိုင်းများကိုလည်း ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

lun4


ယင်းနောက်   ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) မကွေးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများဖွဲ့စည်းကာ သက်ဆိုင်ရာ ကဏ္ဍအလိုက် စီစဉ်ဆောင်ရွက်ထားမှုများနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက်   ဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး(၁) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က လူငယ်ဘက်စုံဖွံ့ဖြိုး ရေးပွဲတော်(မကွေး) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားသည့် ကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်သွားရမည့် ကိစ္စရပ်များနှင့် ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် သက်ဆိုင်ရာဆပ်ကော်မတီအလိုက် တာဝန်ရှိသူများက ပွဲတော်ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် စီစဉ်ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက အထွေထွေ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို မြန်မာ့လူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးအပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗဟငါးတန် မြှင့်တင်ပေးနိုင်ရေးနှင့် အနာဂတ် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအား လူငယ်များ၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက် အကောင်အထည်ဖော်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်