ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး (၁၉)ကြိမ်မြောက် အာရှသိပ္ပံကောင်စီ ညီလာခံဖွင့်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် ၃ ဒီဇင်ဘာ 

(၁၉)ကြိမ်မြောက် အာရှသိပ္ပံကောင်စီ ညီလာခံ (Science Council Asia - SCA) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ပင်းယခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မြန်မာနိုင်ငံ အပါအဝင် အာရှသိပ္ပံကောင်စီ အဖွဲ့ဝင် ၃၂ နိုင်ငံတို့၏ ပူးတွဲသုတေသန လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရပ်နှင့် အလေ့အကျင့်ကောင်းများ မျှဝေဖလှယ်ဆောင်ရွက်နေခြင်းကို အသိအမှတ်ပြုပါကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ပြည့်မီနိုင်ရန်အတွက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့အနေဖြင့် အာရှသိပ္ပံကောင်စီနှင့် ဆန်းသစ်တီထွင်မှုနယ်ပယ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုညီလာခံတွင် ပညာရှင်များက မိမိတို့၏ ပညာရပ်အမြင်များကို ဖလှယ်၍ အာရှဒေသရှိ အဓိကပြဿနာများကို သိရှိရုံသာမက ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုပါ ရှာဖွေတွေ့ရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ Dr.Wang Xi ၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသက်လွင်၊ အာရှဖွံ့ဖြိုးမှုဘဏ် ဒုတိယဥက္ကဋ္ဌ Dr. Bambang Susantono နှင့် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ ပထမဦးဆုံးဥက္ကဋ္ဌ ဖြစ်သော ဒေါက်တာသန်းဦးတို့က အမှာစကားပြောကြားကြသည်။

ယင်းနောက် ပညာရပ်အလိုက် စာတမ်းဖတ်ပွဲများကို သက်မှတ်နေရာများ၌ အစီအစဉ်အတိုင်း ဖတ်ကြားကြသည်။

(၁၉)ကြိမ်မြောက် အာရှသိပ္ပံကောင်စီ ညီလာခံကို ဒီဇင်ဘာ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ညီလာခံ၌ ပင်မခေါင်းစဉ် တစ်ခုနှင့် ခေါင်းစဉ်ခွဲ (၄)ခုတို့ဖြင့် စာတမ်းပေါင်း ၁၀၈ ခုနှင့် ပူးတွဲသုတေသနပရောဂျက် အလုပ်ရုံဆွေးနွေးပွဲ ၂ ခုတို့ကို ကျင်းပသွားမည်ဖြစ်သည်။

အာရှသိပ္ပံကောင်စီကို သက္ကရာဇ် ၂၀၀၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံ ပညာရှင်အဖွဲ့သည် ၂၀၁၂ ခုနှစ်တွင် အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ 

သတင်းစဉ်