ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ရှမ်းပြည်နယ်အတွင်းရှိ လမ်းနှင့် တံတား ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ၃ ဒီဇင်ဘာ 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ရှိ တာချီလိတ် - တာလေ - ပါလျှိုး - ကျိုင်းလတ်လမ်း အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 

hz2

 

ထို့နောက် မြန်မာ - လာအို နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးအတွက် အဓိကကျသည့် မြန်မာ - လာအို ချစ်ကြည်ရေး မဲခေါင်မြစ်ကူးတံတားကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက တံတားဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။

 

hz3

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာလေမြို့ရှောင်လမ်း ဖောက်လုပ်နေမှုနှင့် အဆိုပါလမ်းပေါ်တွင် တည်ဆောက်မည့် တံတားလျာထားနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး သော်တာဝင်း ဆောက်လုပ်ရေးကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်နေသော တာလေ -  မိုင်းဖြတ် - ကျိုင်းတုံ လမ်းကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံမြို့နယ် ကျိုင်းတုံ - လေယာဉ်ကွင်း လမ်းပေါ်၌ တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁၂)မှ တံတားဟောင်းအား တိုးချဲ့တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို တည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေး စနစ်တကျ ဆောင်ရွက်ရန် မှာကြားသည်။ 

သတင်းစဉ်