နိုင်ငံတော်ဓာတ်အား စနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်းအမှတ် အခမ်းအနား စစ်တွေမြို့၌ ကျင်းပ

စစ်တွေ  ၂   ဒီဇင်ဘာ  

နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းပြည့်မြောက်သည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမပန်းခြံအတွင်းရှိ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။

 

ေ

 

ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုအနေဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်လုံးတွင် ၂၄ နာရီ လျှပ်စစ်မီးရရှိနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် ကျေးရွာများ၊ မြို့များနှင့် မြို့နယ်များအပါအဝင် တစ်ပြည်နယ်လုံး အတိုင်းအတာအနေဖြင့် မြို့နယ်အားလုံး ရာနှုန်းပြည့် မီးလင်းနေပြီဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက သုံးနှစ်တာကာလအတွင်း လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးပေးနိုင်မှုအခြေအနေများကိုလည်းကောင်း၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးဝင်းက လျှပ်စစ်ဓာတ်အားဖြန်ဖြူးပေးနိုင်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ေ

 

ယင်းနောက် အခမ်းအနားတွင် ခင်းကျင်းပြသထားသည့် လျှပ်စစ်ဆိုင်ရာ ဆက်စပ်ပစ္စည်းပြခန်းများနှင့်အတူ  ရခိုင်ပြည်နယ်တွင် သုံးနှစ်တာ ကာလအတွင်း ဆောင်ရွက်ပြီးစီးခဲ့သော လျှပ်စစ်စီမံကိန်း လုပ်ငန်းများ၊ လျှပ်စစ်ဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ လက်ရှိလျှပ်စစ် ဓာတ်အားဖြန့်ဖြူး ထားရှိမှုအခြေအနေများ စသည့် မှတ်တမ်းဓာတ်ပုံများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက်ရောက်လာကြသည့် ဧည့်သည်တော်များက လှည့်လည်ကြည့်ရှုကြသည်။

 

ေ

 

ရခိုင်ပြည်နယ်အတွင်း လက်ရှိ ဓာတ်အားသုံးစွဲမှု အမြင့်ဆုံးအနေဖြင့် ၆၆ ဒသမ ၃ မဂ္ဂါဝပ် သုံးစွဲလျက်ရှိပြီး နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိကြောင်း၊ လက်ရှိတွင် ပြည်နယ်အတွင်း ကျေးရွာပေါင်း ၃၇၄၂ ရွာ ရှိသည့်အနက် ဓာတ်အားစနစ်မှ ၅၆၁ ရွာ၊ ဆိုလာ၊ ဒီဇယ်၊ အသေးစားရေအားတို့မှ ၁၄၉၉ ရွာ စုစုပေါင်း မီးလင်းပြီး ကျေးရွာ ၂၀၆၀ ရွာရှိပြီး ရာခိုင်နှုန်းအားဖြင့် ၅၅ ဒသမ ဝ၅ ရာခိုင်နှုန်းမီးလင်းပြီး ဖြစ်ကြောင်း၊ အိမ်ထောင်စုအနေဖြင့် ၄၅၉၇၇၂ စုရှိသည့်အနက် ဓာတ်အားစနစ်မှ သုံးစွဲသူ အိမ်ထောင်စု ၁၂၀၇၀၆ စု၊ ဆိုလာ၊ ဒီဇယ်၊ အသေးစားရေအားမှ သုံးစွဲသူ အိမ်ထောင်စု ၁၂၅၀၆၂ စုရှိရာ ရာခိုင်နှုန်းအားဖြင့် ၅၂ ဒသမ ၅၈ ရာခိုင်နှုန်း လျှပ်စစ် ဓာတ်အားသုံးစွဲလာနိုင်ပြီဖြစ်ကြောင်း၊ ဆက်လက်၍လည်း လျှပ်စစ်မီး မရရှိသေးသော ကျေးရွာ များအား လျှပ်စစ် ဓာတ်အားသုံးစွဲနိုင်ရေးအတွက် ပြည်ထောင်စု၊ ပြည်နယ်၊ နိုင်ငံခြား ချေးငွေအထောက်အပံ့များဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဇင်ဦး (မြန်မာ့အလင်း)