ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျုဟာ ရခိုင်ပြည်နယ်တွင် ရှင်းလင်ပြောကြား

စစ်တွေ  ၂  ဒီဇင်ဘာ

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်ပတ်သက်၍ ရှင်းလင်းခြင်းကို စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်ပတ်သက်၍ လာရောက်အသိပေးရှင်းလင်းခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အဓိကဦးတည်ချက်များဖြစ်သည့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ထွန်းရေးအတွက် လိုက်လျောညီထွေရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက အကောင်အထည်ဖော်လျက်ရှိကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းရေးသည်အပြန်အလှန် ဆက်စပ်နေပါကြောင်း၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး များစွာနောက်ကျနေပါက ပဋိပက္ခဖြစ်ပွားမှုများပြားပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနက ရေရှည်လုပ်ငန်းစဉ်အဖြစ် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဖြင့် လူ့စွမ်းအားအရင်းအမြစ် ကောင်းများ ပေါ်ထွက်လာရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာပါက လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကိုချမှတ်ထားကြောင်း၊ အဆိုပါ စီမံကိန်းနှင့်ချိတ်ဆက်၍ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးက ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဦးစားပေး၍ မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တာဝန်ယူရကြောင်း၊ ပဋိပက္ခများကြောင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်များတွင် ပြည်တွင်းနေရပ်စွန့်ခွာ ကြသူများရှိကြောင်း၊ ထို့အတွက်ယာယီခိုလှုံရာ စခန်းများ ဖွင့်လှစ်ရပါကြောင်း၊ အဆိုပါစခန်းများသည် ကာလကြာရှည်ပါက နိုင်ငံတော်ကကြိုးပမ်း လျက်ရှိသော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားပြုမည်ဖြစ်ကြောင်း၊

 

ထို့ကြောင့် အမျိုးသားအဆင့် မဟာဗျူဟာတစ်ရပ်ကို ရေးဆွဲခဲ့ကြောင်း၊ မဟာဗျူဟာရှိမှသာ စီမံချက်များ ဖော်ထုတ်ပြီး အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတော်၏ဘဏ္ဍာငွေခွဲငွေမှု ထည့်သွင်းနိုင်မှာဖြစ်ကြောင်း၊ အကောင်အထည်ဖော်ရာတွင်လည်း အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ လူမှုရေးအသင်း အဖွဲ့များအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊

 

အစိုးရကရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားသဖြင့် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဖွဲ့စည်းဆောင်ရွက် လျက်ရှိသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီ (၄)ခုအနက် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ဒေသတွင်းပြန်လည် နေရာချထားရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီကို တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်မှစတင်၍ အဆိုပါ အမျိုးသားအဆင့် မဟာဗျူဟာကို စတင်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ လတ်တလော ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက်လည်း လစဉ်ထောက်ပံ့မှုများ ပေးအပ်လျက်ရှိကြောင်းကို ထပ်လောင်းပြောကြားလိုပါကြောင်း၊ ငွေကျပ် (၁ ဒသမ ၈) ဘီလီယံကျော် သုံးစွဲခဲ့ပြီးဖြစ်ကြောင်း၊ ယာယီခိုလှုံရာ စခန်းများရှိ နေရပ်စွန့်ခွာ နေရသူများကို ငွေကြေးထောက်ပံ့မှုများသာမက မှီခိုကင်းစွာနှင့် ကိုယ်တိုင်ရပ်တည်နိုင်ရေးအတွက် ဆောင်ရွက်ပေးရန်မှာ အရေးကြီးကြောင်း၊

 

 မဟာဗျူဟာကိုအခြေခံ၍ လုပ်ငန်းစဉ်များရေးဆွဲကြရာတွင် ပြည်နယ်တစ်ခုနှင့်တစ်ခု လိုအပ်ချက်များ မတူညီကြသည့်အတွက် သက်ဆိုင်ရာဒေသများရှိပြည်သူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင်ရေရှည်အတွက် မျှော်မှန်းပြီးအားလုံးက ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနညွှန်ကြားရေးမှူးချုပ်က မဟာဗျုဟာ ရေးဆွဲဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် မဟာဗျုဟာကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက မြေပုံ၊ကျောက်ဖြူမြို့များရှိ စခန်းများအား စတင်ပိတ်သိမ်းနိုင်ရေး၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ ပါဝင်နိုင်ရေး၊ နေရပ်စွန်ခွာသူများ၏ ပညာရေး၊ ကျန်းမာရေး၊ စာဝတ်နေရေး၊ လုံခြုံရေး၊ လွတ်လပ်စွာသွားလာခွင့်ရရှိရေး၊ ပြည်နယ်အဆင့်လုပ်ငန်းစဉ်များ ရေးဆွဲရာတွင် ပြည်သူ့အခြေပြု အဖွဲ့အစည်းများပါဝင်ရေး၊ ပြန်လည်နေရာချထားရေး ကိစ္စရပ်တွင် ငွေးကြေးသုံးစွဲမှုအခြေအနေတို့နှင့် ပတ်သက်၍ မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီ:ချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ IDP Camp များမှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများဖြစ်ကြသော ဝံလက်ဖောင်ဒေးရှင်း၊ မေတ္တာရေစင် အမျိုးသမီးအဖွဲ့ ၊ ရခိုင်အမျိုးသမီး အစည်းအရုံး၊ စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ချင်းလူမှုရေး၊ Charity Youth Organization၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်ကြသော UNFPA, UNHABBITAT,UNWOMEN, UNDP,UNRCO, UNHCR, UNICEF, UNOCHA, SI, MRCS, ICRC, ACF, IFRC, DRC,RI, IRC, NRC, MAUK, Mercycrops, Oxfam, WHO, Plan, SCI, FAO, , Christian Aid, UNDSS, UNOPS, WFP,IOM, LWF တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)