မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၂   ဒီဇင်ဘာ

 

ရွှေဘိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၃၀ ရက် ည ၉ နာရီက ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်နေ နေစိုးထက်(ခ)ရဲနောင်၏နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ မဇာခြည်ထိုက်၊ နေဝင်းထက်တို့အားတွေ့ရှိရပြီး နေအိမ်မှ  ဘိန်းဖြူ ၅၆ ဂရမ်၊ စိတ်ကြွရူးသွပ် ဆေးပြား ၃,၅၁၁ ပြား၊ မြန်မာငွေကျပ် ၄,၅၀ဝ နှင့် လက်ကိုင်ဖုန်း ၄ တို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီက မူးယစ်တပ်ဖွဲ့စု(၄၁)ရန်ကုန်(အရှေ့)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ရွာမရပ်ကွက်၊ ဈေးလမ်း၊ တိုက်အမှတ်(၂၅)၊ (၃)လွှာ(A)ရှိ ဘုန်းမောင်၏နေအိမ်ကိုရှာဖွေရာ အိုက်စ် ၃၅၃ ဒသမ ၅ ဂရမ်၊  စိတ်ကြွရူးသွပ် ဆေးပြား ၇,၂၇၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊

 

ယင်းနေ့ ညနေ ၄ နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မိုင်းရှူးမြို့၊ အမှတ်(၁)ရပ်ကွက်၊ အိမ်အမှတ်(၈၂)နေ အိုက်ကျော်နှင့် မနန်းခမ်းလူ (ခ)နန်း အေးလူတို့၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,ဝ၀ဝ ၊ ဘိန်းစိမ်း ၁ ကီလိုနှင့် မြန်မာငွေ ကျပ် ၈၀,ဝ၀ဝ တို့ကိုလည်းကောင်း၊

 

ထို့အတူ ယင်းနေ့ညနေ ၅ နာရီခွဲတွင် တပ်မတော်မှ မဘိမ်းမြို့နယ်၊ ကွန်းတောကျေးရွာအနီးရှိ မသင်္ကာဖွယ်ရာ တောင်ယာတဲတစ်လုံးကိုဝင်ရောက်ရှာဖွေရာ မလှဝင်းအားတွေ့ရှိပြီး တဲနှင့်ကပ်လျက် ချုံပေါ်ရှိ ပဲနို့ဘူးအတွင်းနှင့် တဲအနောက်ဘက်ရှိမြေကြီးအတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၆၀ဝ သိမ်းဆည်းခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

(သတင်းစဉ်)