အစိုးရကိုယ်စားလှယ်အဖွဲ့နှင့်  ကေအင်န်ယူ ကရင်အမျိုးသားအစည်းအရုံး ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

ချင်းမိုင် ၂၂  နိုဝင်ဘာ

အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ကေအင်န်ယူ ကရင်အမျိုးသားအစည်းအရုံး ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးကြပြီး နှစ်ဖက်ရှေ့ဆက် ဆောင်ရွက်သွားမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းနိုင်ခဲ့ကြောင်း သိရသည်။ ။

တွေ့ဆုံဆွေးနွေးရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေးအတွက် ကေအင်န်ယူကရင်အမျိုးသား အစည်းအရုံးမှ အဆိုပြုထားသည့်ကိစ္စရပ်များ၊ ၂၀၂၀ တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးကျင်းပနိုင်ရေး ကိစ္စရပ်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ အစည်းအဝေး (JICM) ခေါ်ယူနိုင်ရေးကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက “ကေအင်န်ယူအနေနဲ့လည်း ကျွန်တော်တို့ ဒီမှာလာတွေ့တဲ့ အဖွဲ့တွေလိုပဲ JICM ကို ခေါ်ယူဖို့ သဘောတူတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ညီလာခံကျင်းပဖို့ သဘောတူတယ်။ ညီလာခံကနေ ရှေ့ဆက်သွားနိုင်မယ့် လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ဖို့လည်း ကေအင်န်ယူက မျှော်လင့်တယ်။ နောက် ၂၀၂၀ အလွန်ထိ သွားရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စရပ်တွေကိုလည်း ညီလာခံကနေ အတည်ပြုပေးစေချင်တယ်” ဟု ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၀)ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ဒီဇင်ဘာ ၂၊ ၃ ၊ ၄ ရက်နေ့များတွင် ကျင်းပရန် သတ်မှတ်ထားပြီး အဆိုပါအစည်းအဝေးများ အပြီးတွင် အစိုးရနှင့် ကေအင်န်ယူ ကရင်အမျိုးသားအစည်းအရုံးတို့၏ နှစ်ဖက်အလုပ်အဖွဲ့များ တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

 

mdn

 

ယနေ့ တွေ့ဆုံဆွေးနွေးပွဲသို့ အစိုးရကိုယ်စားလှယ်များအဖြစ် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ နည်းပညာ အထောက်အကူပြုအဖြစ် ဦးကျော်လင်းဦးတို့ တက်ရောက်ကြပြီး ကေအင်န်ယူ ကရင်အမျိုးသား အစည်းအရုံး ကိုယ်စားလှယ်များအဖြစ် ကေအင်န်ယူ ဥက္ကဋ္ဌ၏ စစ်ရေး၊ နိုင်ငံရေးအကြံပေး ပဒိုစောတူးတူးလေး၊ ကေအင်န်ယူ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး၊ ကေအင်န်ယူ ဗဟိုအမြဲတမ်းကော်မတီဝင်များဖြစ်ကြသည့် ပဒိုစောဆဲလ်ဂေ၊ ပဒိုစောတောနီး၊ ကေအင်န်ယူ ဥက္ကဋ္ဌ၏ အတွင်းရေးမှူး ပဒိုစေတာမူလာနှင့် မူဝါဒရေးရာ အကြံပေး နော်မေဦးတို့ တက်ရောက်ခဲ့ကြသည်။

 သီးခြားအလုပ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးဖို့ သဘောတူ

တွေ့ဆုံဆွေးနွေးမှုများအပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် ကေအင်န်ယူ ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးတို့အား RFA သတင်းထောက် ဦးအောင်မိုးမြင့်က တွေ့ဆုံမေးမြန်းခဲ့ရာ ကေအင်န်ယူနှင့် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ဒီနေ့ ဆွေးနွေးဖြစ်တာက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက် NCA လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ ကေအင်န်ယူခေါင်းဆောင်တွေနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ တွေ့ပါတယ်။ ကြားမှာ အသေးစိတ် ညှိနှိုင်းတဲ့အချက်တွေနဲ့ ပတ်သက်ပြီး သီးခြားအလုပ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးဖို့ဆိုတာ သဘောတူပါတယ်။ ဒါကြောင့် ချင်းမိုင်ရောက်တဲ့ အချိန်မှာ အထူးသဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကေအင်န်ယူ ခေါင်းဆောင်တွေရဲ့ သဘောတူညီချက်ကို အမြန်ဆုံးအကောင်အထည် ဖော်ဖို့အတွက် ညှိနှိုင်းဆွေးနွေးတဲ့ အစည်းအဝေးဖြစ်ပါတယ်။ ဒီဘက်မှာ PPST အစည်းအဝေးကျင်းပဖို့ရှိတယ်။ အစည်းအဝေးကျင်းပပြီးရင် ကျွန်တော်တို့နှစ်ဖွဲ့ အမြန်ဆုံးတွေ့ဆုံဖို့ သဘောတူညီခဲ့ပါတယ်”ဟု ပြောကြားသည်။

ထိစပ်မှုများများနဲ့ ကျေကျေလည်လည်ဆွေးနွေးတဲ့အပိုင်းတွေ ပိုပြီးတော့လိုအပ်

ကေအင်န်ယူ အနေဖြင့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးဖြစ်သည့် ကိစ္စနှင့်ပတ်သက်၍ ပဒိုစောတာဒိုမှုးက “အဓိကကတော့ ရွေးကောက်ပွဲက နောက်နှစ်ထဲမှာ လာတော့မယ်ဆိုတော့ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်း ဘယ်အစိုးရတက်တက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ရှေ့ဆက်ပြီးသွားနိုင်ဖို့ ဘယ်လောက်ထိရောက်အောင် ပြင်ဆင်ထားသင့်တယ်ဆိုတဲ့ အလွတ်သဘော ဆွေးနွေးတဲ့အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အလုပ်အဖွဲ့ကြားမှာ ပိုပြီးတော့ ထိစပ်မှု များများနဲ့ ကျေကျေလည်လည် ဆွေးနွေးတဲ့အပိုင်းတွေ ပိုပြီးတော့ လိုအပ်လာတဲ့အတွက် ဒီလိုမျိုးပြုလုပ်ခြင်းအားဖြင့် အစည်းအဝေးတွေမှာ လွယ်လွယ်ကူကူနဲ့ ဆက်သွားနိုင်မယ့် အနေအထားမျိုး ကြုံရမယ်လို့ မျှော်လင့်ပါတယ်။ ဒီအတွက် ရင်းရင်းနှီးနှီးပွင့်ပွင့်လင်း လင်းဆွေးနွေးကြတဲ့ အပိုင်းတစ်ပိုင်းဖြစ်ပါတယ်” ဟု ပြောသည်။

ဆွေးနွေးပွဲတွင် အစိုးရဘက်က အဆိုပြုချက်အပေါ် ပဒိုစောတာဒိုမူးက “အဆိုပြုချက်လေးချက်က အများကြီး နီးစပ်မှုရှိပါတယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုပြီးတော့ NCA မှာ အဓိက အပိုင်းနှစ်ပိုင်း ရှိတယ်။ အခုကတော့ နိုင်ငံရေးဆွေးနွေးမှုအပိုင်းက အများကြီး တိုးတက်မှုရှိတယ်။ အများကြီးနီးစပ်မှုရှိတယ်။ ပြီးတော့ အပစ်အခတ် ရပ်စဲရေးအပိုင်းလည်း ကျွန်တော်တို့က ဆက်ပြီးဆွေးနွေးမှုရှိပါတယ်” ဟု ဖြေကြားသည်။

ပြဿနာတွေ၊ အဆင်မပြေမှုတွေမကြုံအောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ သဘောထားတွေချမှတ်နိုင်

အစိုးရကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အပေါ် သုံးသပ်ချက်နှင့်ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “အဓိကက NCA လေးနှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသွားတာရှိပါတယ်။ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သုံးရပ် ရှိပါတယ်။ ပထမလုပ်ငန်းစဉ်က ပြည်ထောင်စုသဘောတူ စာချုပ်- ၃ (Union Accord) ကို အပိုင်းသုံးပိုင်းနဲ့ ချုပ်ဆိုသွားဖို့ရှိတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ကိစ္စတွေမှာ အဓိက ဘာလဲဆိုတော့ RCSS ဥက္ကဋ္ဌရဲ့ ခရီးစဉ်ကိစ္စပါ။ အဲဒီအတွက် ချင်းမိုင်ကိုလာတယ်။ RCSS ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံတယ်။ တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်တို့ပါတယ်။ သူတို့က NRPC အဖွဲ့ဝင်လည်း ဖြစ်သလို တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ရဲ့ ခေါင်းဆောင်နဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။ အဲဒီမှာ ကျေကျေလည်လည် ဆွေးနွေးနိုင်ခဲ့တယ်။ နောင်မှာ EAOs ခေါင်းဆောင်တွေရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ဒီလိုပြဿနာတွေ၊ အဆင်မပြေမှုတွေ မကြုံအောင်ဘယ်လိုလုပ်ကြမလဲဆိုတဲ့ သဘောထားတွေ ချမှတ်နိုင်ခဲ့တယ်။ RCSS အဖွဲ့ အနေနဲ့လည်း ဒီလုပ်ငန်းစဉ်မှာ ပြန်လည်ပါဝင်ဖို့ အဆင် ပြေသွားတယ်။ တစ်ဆို့မှုတွေ ကျော်လွှားနိုင်တဲ့ အနေအထား ရောက်သွားတယ်။

“နောက်တစ်ချက်က NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့နဲ့ ဆွေးနွေးတဲ့အခါ ကျွန်တော်တို့ ဘယ်လိုပုံစံကို ပြန်သွားမလဲဆိုတဲ့အပိုင်းကို ဆွေးနွေးရာမှာ သဘောတူညီမှု တော်တော်များများ ရခဲ့တယ်။ အခု ကေအင်န်ယူနဲ့လည်း အတိုင်ပင်ခံနဲ့ ကေအင်န်ယူ ခေါင်းဆောင်တွေတွေ့ဆုံပွဲမှာ သဘောတူညီခဲ့တဲ့ သဘောတူညီချက်တွေရှိ ပါတယ်။ အဲဒါတွေကို အကောင်အထည်ဖော်ဖို့ ဘယ်လို သွားကြမလဲဆိုတဲ့ အသေးစိတ်အပိုင်းလေးတွေ ဆွေးနွေးဖြစ်တယ်။ အဲဒီအပေါ်မှာလည်း အများအားဖြင့် နီးစပ်မှုရှိတယ်။ အဲဒီပေါ်မှာလည်း ကျွန်တော်တို့ အသေးစိတ် ဆက်ဆွေးနွေးဖို့ရှိပါတယ်။ ဒီဇင်ဘာလအတွင်း အမြန်ဆုံး တွေ့ဆုံနိုင်ဖို့ရှိပါတယ်။ ပြောရရင်တော့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် စောင့်ကြည့်နေကြတဲ့အဖွဲ့တွေလည်း ရှိတယ်။ စိုးရိမ်ပူပန်မှုတွေလည်း ရှိကြတယ်။ အဲဒီအတွက်တော့ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်လုံးက အကောင်းဆုံး ကြိုးစားနေတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်အစိုးရ တက်လာ တက်လာ ပုံမှန်အနေအထားရောက်အောင် ကြိုးပမ်း

“NCA ကို အခြေခံတဲ့လမ်းကြောင်းကနေ နောက်ပြန် မဆုတ်ဘူးဆိုတာမျိုးပါ။ နှောင့်နှေးကြန့်ကြာသွားတဲ့ အပိုင်းကို စိုးရိမ်ပူပန်မှုတွေလည်း ရှိကြမယ်။ နှစ်ဦး နှစ်ဖက်လုံးက သွားနေတဲ့ လုပ်ငန်းစဉ်ပိုကောင်းအောင် ခိုင်မာသည်ထက် ခိုင်မာအောင် ပြန်လည်သုံးသပ်၊ ဆွေးနွေး ညှိနှိုင်းနေတဲ့ အနေအထားဖြစ်တဲ့အတွက် ၂၀၂၀ အလွန်သွားမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်အစိုးရ တက်လာတက်လာ ပုံမှန်ဆက်သွားနိုင်တဲ့ အနေအထား ရောက်အောင် ကြိုးပမ်းနေပါတယ်။ အောင်မြင်မယ်လို့ လည်း မျှော်မှန်းပါတယ်။ ဒီဇင်ဘာလထဲမှာ နှစ်ဖက်အလုပ်အဖွဲ့ တွေ့ဖို့ရှိပါတယ်”ဟု ပြောကြားသည်။

ကေအင်န်ယူ အနေဖြင့် နှစ်ဖက်အလုပ်အဖွဲ့ ထပ်မံတွေ့ဆုံမည့် ကြောင်းအရာအပေါ် ပဒိုစောတာဒိုမူးက “ဒီကြားထဲမှာ ကျွန်တော်တို့ ကေအင်န်ယူ အဆိုပြုချက်ထဲက ပိုပြီးရှင်းရှင်းလင်းလင်းဖြစ်အောင် နှစ်ဖက် ပြန်ပြီး အသေးစိတ်ဆွေးနွေးရမယ့်အပိုင်းတွေရှိတယ်။ သူ့ဘက် ကိုယ့်ဘက် အသေးစိတ်စဉ်းစားနိုင်ဖို့ပါ။ အခုကတော့ အချိန်အကန့်အသတ်လည်းရှိတော့ လာမယ့်ဆွေးနွေးပွဲကို ဘယ်လိုပုံစံ ဆွေးနွေးမယ်ဆိုတဲ့ အခြေခံမျိုးကို ဆွေးနွေးတာပါ” ဟု ပြောကြားသည်။

သတင်း-ရဲခေါင်ညွန့်