စစ်ကိုင်းတိုင်းဒေသကြီး အထင်ကရ စစ်ကိုင်းတောင်ရုပ်စုံကျောင်းသို့ နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လည်ပတ်

၁၁ နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ခရီးသွားနေရာတစ်ခုအဖြစ် သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စစ်ကိုင်းတောင်ရိုးတောင် အဆင်းကားလမ်းဘေး အရိယဝံသချောင်ရှိ တစ်ပါးထိုင်ရုပ်စုံကျောင်းသို့ နေ့စဉ် ပြည်တွင်း ပြည်ပ ခရီးသွား ၂၀၀ ကျော် လာရောက်လည်ပတ်ကြကြောင်း သိရ သည်။

"လာရောက်လည်ပတ်သူ၊ လေ့လာသူတွေ နေ့စဉ်ရှိတယ်။ တစ်နေ့ ဦးရေ ၂၀၀ ကျော်လောက် လာကြတယ်။ စနေ၊ တနင်္ဂနွေနဲ့ ဥပုသ်နေ့တွေမှာ လာရောက်သူ ၅၀၀ ကျော်လောက်ရှိတယ်။ နိုင်ငံခြားသားတွေကတော့ နေ့စဉ် ပုံမှန်လာရောက်တာ မရှိပါဘူး။ ဒါပေမယ့် နေ့စဉ် တစ်ဦးစ၊ နှစ်ဦးစ ဆိုသလို မော်တော်ဆိုင်ကယ်နဲ့လာတာမျိုး၊ တစ်ခါတလေ ကားနဲ့ အယောက် ၄၀၊ ၅၀ လောက် အုပ်စုဖွဲ့ လာတာမျိုးရှိတယ်။ ဒီကျောင်းဆောင်မှာရှိတဲ့ သစ်သားပန်းပု ရုပ်လုံးရုပ်ကြွတွေ လာရောက်လေ့လာကြပြီး အမှတ်တရဓာတ်ပုံရိုက်ကြတယ်" ဟု လက်ရှိ အရိယဝံသချောင်ဆရာတော်က မိန့်ကြားသည်။

ပြန်လည်တည်ဆောက်ထား

အင်းဝဘုရင် ဒုတိယမင်းခေါင်လက်ထက်က ရုပ်စုံတစ်ပါးထိုင်ကျောင်းအဖြစ် ကျမ်းတတ်အကျော်အရိယဝံသ ဆရာတော်ကြီးအား ဆောက်လုပ်လှူဒါန်းခဲ့ရာ ဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် ပျက်စီးသွားသည့်ကျောင်းအား မူလ လက်ရာမပျက် ပြန်လည်တည်ဆောက်ထားခြင်းဖြစ်သည်။

အရိယဝံသချောင် ရုပ်စုံကျောင်းဆောင်ကို အင်းဝခေတ်ရေငုံဆရာတော်ကြီး ထံမှာ ပညာသင်ကြားနေသည့် " ရှင်အရိယာဝံသ" ကိုယ်တော်၏ စာပေကျမ်းဂန် တတ်မြောက်မှုကို ကြည်ညိုသည့်အတွက် အင်းဝဘုရင် " ဒုတိယမင်းခေါင် " က ကျောင်းဆောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ပျက်စီးနေပြီဖြစ်သည့် ရုပ်စုံကျောင်းအား လွန်ခဲ့သော ၁၅ နှစ်ခန့်က သီတဂူဆရာတော်ကြီးက မူလလက်ရာမပျက် ပြုပြင်တည်ဆောက်ခဲ့သည်။ ကျောင်းအဆောက်အအုံကို ဇာတ်ကြီးဆယ်ဘွဲ့ နိပါတ်တော်ဇာတ်ရုပ်များ၊ ကနုတ်ပန်းလက်ရာများဖြင့် တည်ဆောက်ထားသည့် သစ်သားထည်ရုပ်စုံကျောင်းအဖြစ် မြန်မာမှုလက်ရာများဖြင့် တည်ဆောက်ထားသည်။

မျိုးဝင်းထွန်း(မုံရွာ)