(၄) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်မှုအရည်အချင်းဆုများ ပေးအပ်ပွဲနှင့် ဂုဏ်ပြု ညစာစားပွဲကျင်းပ

နေပြည်တော် ၈ နိုဝင်ဘာ

(၄) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဆိုင်ရာ ခေါင်းဆောင်မှုအရည်အချင်းဆုများ ပေးအပ်ပွဲ (4 th ASEAN Leadership Award on Rural Development and Poverty Eradication) နှင့်  (၁၁) ကြိမ်မြောက် အာဆီယံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ဂုဏ်ပြုညစာ စားပွဲအခမ်းအနား (Gala Dinner) ကို ယနေ့ညနေ ၆ နာရီတွင် နေပြည်တော်ရှိ  Horizon Lake View Resort Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှဝန်ကြီးများ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အာဆီယံ ဒုတိယ အတွင်းရေးမှူးချုပ်၊ သံတမန်များ၊ အာဆီယံနိုင်ငံများမှ အဆင့်မြင့်အ ရာရှိကြီးများ၊ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့် အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ် Mr.Kung Phoak တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

 

mdn

 

ထို့နောက် Awardees of 4th ASEAN Leadership Award on Rural Development and Poverty Eradication Video Presentation ကို ပြသသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် အာဆီယံဒုတိယ အတွင်းရေးမှူးချုပ် Mr. Kung Phoak တို့က (၄) ကြိမ်မြောက် အာဆီယံကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်မှု အရည်အချင်းဆုများ ရရှိကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ NGOs / CSOs များနှင့် Private Sector  အဖွဲ့များအား  ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင် ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ မြန်မာရိုးရာယဉ်ကျေးမှု အကပဒေသာများဖြင့် ကပြဖျော်ဖြေသည်။

(သတင်းစဉ်)