တရုတ်ပြည်သူ့သမ္မတနိုင်ငံက ငြိမ်းချမ်းရေးဆိုင်ရာရန်ပုံငွေများ ပေးအပ်လှူဒါန်း

ရန်ကုန် ၈ နိုဝင်ဘာ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံက ငြိမ်းချမ်းရေးကော်မရှင်သို့ ငြိမ်းချမ်းရေးဆိုင်ရာ ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ သုံးသိန်းနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီသို့ အမေရိကန်ဒေါ်လာ သုံးသိန်း လှူဒါန်းပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) တွင် ကျင်းပသည်။

 

ရှေးဦးစွာ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က အမှာစကားပြောကြားရာတွင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ပြီးခဲ့တဲ့ကာလအတွင်းကလည်း မော်တော်ယာဉ်များ၊ ငွေကြေးများလှူဒါန်း ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြိမ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ရပါတယ်။ ဆောင်ရွက်တဲ့ အကြိမ်တိုင်းမှာလည်း  တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဝမ်းမြောက်ဝမ်းသာ ကျွန်တော်တို့ကို ကြိုဆိုပြီးတော့ အစည်းအဝေးတွေ အဆင်ပြေစွာ ဆောင်ရွက်နိုင်အောင် ကူညီပေးခဲ့တာတွေကို အမြဲအမှတ်ရနေပါမယ်။ 

 

အထူးသဖြင့် ပြောကြားလိုတာကတော့ မြန်မာနိုင်ငံအတွင်းမှာ ဒေသအနည်းငယ်မှအပ ကျန်တဲ့နေရာတွေမှာ ပစ်ခတ်တိုက်မှုတွေ မရှိသလောက်ကို ရပ်စဲနေပြီဆိုတာ ပြောကြားလိုပါတယ်။ တရုတ်-မြန်မာ နယ်နိမိတ်မျဉ်းဟာ ရှည်လျားသော်လည်း နယ်နမိတ်မျဉ်းတစ်လျောက်မှာ တိုက်ပွဲတွေအားလုံး ရပ်ဆိုင်းလျက်ရှိနေပါတယ်။ အချို့ နေရာဒေသ အနည်းငယ်မှာသာ ရှောင်လွဲလို့မရတဲ့ အကြောင်းကြောင်းတွေကြောင့် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းနည်းလမ်းနဲ့ အဖြေရှာဆောင်ရွက်သွားဖို့ အစဉ်သဖြင့် ညှိနှိုင်း တိုင်ပင်ကြိုးပမ်းနေပါတယ်” ဟု ပြောကြားသည်။

 

ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်း က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ပြောကြား ရာတွင် “ယခုလိုပေးအပ် လှူဒါန်းခြင်းက တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြားမှာရှိတဲ့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသာမကဘဲ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို စွဲစွဲမြဲမြဲ ထောက်ခံအားပေးခြင်းကို ဖော်ပြနေပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက် ရာမှာ အခက်အခဲ အမျိုးမျိုးကို တွေ့နိုင်ပေမဲ့ ငြိမ်းချမ်းရေးသည် မြန်မာနိုင်ငံ ပြည်သူ တွေအားလုံးရဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။ အနာဂတ်မှာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်လျှောက်လှမ်းတဲ့အခါ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ လိုအပ်ချက်ကို ဆက်လက်ကူညီသွားမှာ ဖြစ်ပါတယ်” ဟုပြောကြားသည်။

 

ယင်းနောက် မစ္စတာ စွန်းဂေါ်ရှန်းက ငြိမ်းချမ်းရေးကော်မရှင်သို့ အမေရိကန် ဒေါ်လာ သုံးသိန်းကို လွှဲပြောင်းပေးအပ်လှူဒါန်းရာ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ဆက်လက်၍ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆက်လက်ဆွေးနွေးခဲ့ကြသည်။

 

အခမ်းအနားသို့ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးနှင့် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေးကော်မရှင်အကြံ ပေးအဖွဲ့ဝင်များနှင့် ငြိမ်းချမ်းရေး ကော်မရှင် အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 

ဆက်လက်၍ နံနက် ၁၀ နာရီခွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) သို့  ငြိမ်းချမ်းရေး ဆိုင်ရာရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ သုံးသိန်းကို ပေးအပ်လှူဒါန်းရာ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။

 

အခမ်းအနားတွင် JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က “JMC ကို ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းဆိုင်ရာ သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်မှုတွေ၊ ကျင့်ဝတ်စည်းကမ်းများ လိုက်နာမှုကို စောင့်ကြည့်ရေး၊ ချိုးဖောက်မှုများကို စုံစမ်း စိစစ်ရေးနဲ့ ပဋိပက္ခများဖြေရှင်းရေးတို့ကို ဆောင်ရွက်ပေးနိုင်ဖို့အတွက် ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ JMC အဆင့်ဆင့်ဖွဲ့စည်းမှုကို ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၊ တိုင်း ဒေသကြီး/ပြည်နယ် အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ၅ ဖွဲ့၊ ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-L) ၂ ဖွဲ့ တို့ဖွဲ့စည်း ထားရှိပြီး ဖြစ်ပါတယ်။ JMC အဆင့်ဆင့်ရဲ့ ဆောင်ရွက်မှုများသည် လက်နက်ကိုင်ပဋိပက္ခများ လျော့ကျရပ်စဲရေးနဲ့ နိုင်ငံရေးဆွေး နွေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးကို အထောက်အကူပြုစေရန် ဦးတည်ဆောင်ရွက် ခြင်း ဖြစ်ပါတယ်။

 

JMC အနေနဲ့ တပ်ပိုင်းဆိုင်ရာ ချိုးဖောက်မှုကိစ္စတွေကို အဓိက စောင့်ကြည့်ရတဲ့ အတွက် ပဋိပက္ခအများဆုံး ဖြစ်ပွားနိုင်မယ့် နယ်မြေဒေသတွေမှာ JMC-L တွေ တိုးချဲ့ ဖွဲ့စည်းခြင်း၊ ဒေသခံ စောင့်ကြည့်သူ ( Local Civilians Monitor-LCM) တွေ ဖွဲ့စည်းပြီး စောင့်ကြည့်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနဲ့ JMC လုပ်ငန်းစဉ်တွေကို ပဋိပက္ခဖြစ် ပွားရာ နယ်မြေဒေသရှိ ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေဖို့ အတွက် ပြည်သူလူထုကို ရှင်းလင်းပြသခြင်းတွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု အမှာစကားပြောကြားရာတွင် ထည့်သွင်းပြော ကြားခဲ့သည်။

 

ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းက နှုတ်ခွန်းစကားပြောကြားပြီး စုပေါင်းမှတ် တမ်းဓာတ်ပုံရိုက်ကူးခဲ့သည်။

 

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) သို့ အမေရိကန်ဒေါ်လာ သုံးသိန်းပေးအပ်လှူဒါန်းသည့် အခမ်းအနားသို့ JMC-U ဒုတိယဥက္ကဋ္ဌ ဦးကိုကိုကြီး ၊ အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်၊ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်နှင့် JMC-U အဖွဲ့ဝင်များ၊ အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 

တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် မြန်မာနိုင်ငံငြိမ်းချမ်းရေးဆိုင်ရာ ရန်ပုံငွေအဖြစ် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သို့ အမေရိကန် ဒေါ်လာ လေးသိန်း၊ ငြိမ်းချမ်းရေးကော်မရှင် သို့ အမေရိကန် ဒေါ်လာ သုံးသိန်း နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ သို့ အမေရိကန် ဒေါ်လာ သုံးသိန်း စုစုပေါင်း အမေရိကန်ဒေါ်လာ တစ်သန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်