(၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ ပထမနေ့ကျင်းပ

ဘားအံ  နိုဝင်ဘာ ၈

 

ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ ပထမနေ့အဖြင့် နိုဝင်ဘာ ၇ ရက်နေ့၊နံနက် ၁၁ နာရီ အချိန် ဘားအံမြို့ သီရိကွင်း အနီးလက်ဝှေ့ရုံ၌ ပြုလုပ်သည်။

 

ပထမနေ့ လက်ဝှေ့ပြိုင်ပွဲတွင် သုံးချီစိန်ခေါ်ပွဲ တစ်ပွဲ၊ လေးချီစိန်ခေါ်ပွဲ သုံးပွဲနှင့်ငါးချီစိန်ခေါ်ပွဲ သုံးပွဲအပြင် အလံလုပွဲ များကိုလည်း ကျင်းပပြုလုပ်သည်။ သုံးချီစိန်ခေါ်ပွဲတွင် စူပါရေချမ်း(မျိုးဆက်သစ်)နှင့် ရွှေနှင်းဆီ လူမိုက် (ရွှေဖူး) တို့က  ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြရာ အနိုင်အရှုံးမရှိ သရေဖြစ်သွားသည်။ လေးချီစိန်ခေါ်ပွဲတွင် စိုးနောင်ဦး (ဖလုံပညာ ဘတဝေါင့်)နှင့် မြှားကလေး(ရန်စစ်ငြိမ်း) တို့ ယှဉ်ပြိုင်ကြပြီး ပထမအချီ၌ပင် စိုးနောင်ဦးက အလဲထိုးသဖြင့် အနိုင်ရရှိပြီး၊ ဇွဲမာန်အောင်(မန္တလေးယူနိက်တက်)နှင့် စွမ်းထက်အောင် (ဖလုံပညာတဝေါင့်)တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြရာ ဒုတိယ အချီ၌ပင် ဇွဲမာန်အောင်က အလဲထိုးဖြင့် အနိုင်ရရှိသွားပြီး အောင်ထက်ဟိန်း(ဇွဲကပင်မြေ)နှင့်အောင်နိုင်ဦး (တိုက်ဂါး)တို့ ပွဲတွင် အနိုင်အရှုံးမရှိ သရေဖြစ်သွားသည်။

 

2

 

ငါးချီစိန်ခေါ်ပွဲတွင် နေလင်းဦး(ဇာနည်မောင်)နှင့် အောင်မျိုးဦး(နဂါးမင်း)၊ ရဲသွေး(ရွိုင်ရာဒီဝမ်ချိုင့်)နှင့် အောင်အောင် ထက်(သုံးပန်လှ)တို့ ယှဉ်ပြိုင်ထိုးသတ်ကြရာ အနိုင်အရှုံးမရှိသရေဖြင့် လည်းကောင်း၊ သွေးသစ်မောင် (အဖြူရောင် သွေးသစ်)နှင့် ဆလိုင်းချမ်းမြေ့ကိုတို့ ယှဉ်ပြိုင်ပွဲတွင် လေးချီမြောက်၌  ဆလိုင်းချမ်းမြေ့ မယှဉ်ပြိုင်နိုင်တော့သဖြင့်  အရှုံးပေးလိုက်ရသည်။

 

ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို နိုဝင်ဘာ ၇ ရက်နေ့မှ နိုဝင်ဘာ ၁၁ ရက်နေ့ထိ ငါးရက်တိုင်နေ့စဉ် နံနက် ၁၁ နာရီအချိန်မှစတင်ကာ ထိုင်း-မြန်မာပွဲစဉ်များအပါအဝင် ယှဉ်ပြိုင် ထိုးသတ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်ဆက်)