တရုတ်နိုင်ငံမှာ မြေအောက်ရထား လုံခြုံရေးအတွက် မျက်နှာဖတ်တဲ့ စနစ်ကို သုံးစွဲမယ်

၃၀ အောက်တိုဘာ

 

 

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ပြေးဆွဲနေတဲ့  မြေအောက်ရထားများရဲ့ လုံခြုံရေးအတွက် ခရီးသွားရဲ့ မျက်နှာကို ဖတ်ထားတဲ့ နည်းစနစ်ကို အသုံးပြုမယ်လို့ အစိုးရသတင်းက ဒီကနေ့ (ဗုဒ္ဓဟူးနေ့)မှာ ကြေညာသွားပါတယ်။

 

 

ပေကျင်းရှိ မြေအောက်ရထား ဘူတာရုံဝင်ပေါက်တွေမှာ ကင်မရာတွေ တပ်ဆင်ထားပြီး အဲဒီကင်မရာတွေကနေ ခရီးသည်တွေရဲ့ မျက်နှာတွေကို မှတ်ထားမှာဖြစ်ပါတယ်။ ခရီးသည်တွေကို “passenger credit system” ဖန်တီးပြီး ခွဲခြားပေးခြင်း၊ လုံခြုံရေးအတွက် သံသယ မရှိသူတွေကို အဖြူရောင် အမှတ်အသား “white list” သတ်မှတ်ခြင်း၊ ပုံမှန်မဟုတ်တဲ့ မျက်နှာအနေထားမှာတော့ စစ်ဆေးမှုကို အထူးပြုလုပ်သွားခြင်းတို့ လုပ်ဆောင်မယ်လို့ ပေကျင်းရထားထိန်းချုပ်ရေးဌာနရဲ့ ဒါရိုက်တာ ဇန် မင်ဟူးက ရှင်းပြပါတယ်။

 

 

ခရီးသည်တွေရဲ့ ဘယ်လိုမျိုး ခွဲခြားသွားမယ်ဆိုတဲ့ အချက်အလက်တွေနဲ့ မျက်နှာကိုဖတ်မယ့် နည်းစနစ်ကို ဘယ်အချိန်မှာ တပ်ဆင်မယ်ဆိုတာကိုလည်း ဇန်က ရှင်းပြသွားခြင်း မရှိပါဘူး။

 

 

ပေကျင်းမြေအောက်ရထားဟာ အလုပ်ဖွင့်ရက်တွေမှာ လူပေါင်း ၁၂ သန်းကို ဝန်ဆောင်မှု ပေးနေရပြီး ၂၀၂၂ ခုနှစ်မှာတော့ ၁၇ သန်းအထိ တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။

 

 

သုတေသန လုပ်သူတွေကတော့ ခရီးသည်တွေရဲ့ မျက်နှာကို ဖတ်ထားပြီး အချက်လက်တွေကို စုဆောင်းနိုင်တဲ့အတွက် ပုဂ္ဂလိက လုံခြုံရေးကို စိုးရိမ်စရာဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။

 

 

MDN

ကိုးကား - AFP