လာမည့်ရက်များအတွင်း တနင်္သာရီတိုင်း‌ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးဆက်လက်ထစ်ချုန်းရွာနိုင်

နေပြည်တော် ၉ အောက်တိုဘာ

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ည ၇ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။

 

မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ တနင်္သာရီတိုင်း‌ဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

 

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်သည်။

 

နောက်(၂)ရက်အတွက် ခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်း‌ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးဆက်လက်ထစ်ချုန်းရွာနိုင်သည်။

 

မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်များမှာ နေပြည်တော်နှင့် ရန်ကုန်မြို့တို့ အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်သည်။

 

MDN