ပဲခူးတိုင်းဒေသကြီးအတွင်း Power Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး လာရောက်မိတ်ဆက်ရှင်းလင်း

ပဲခူး  ၉  အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီးအတွင်း Power Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး Power China International Group Co., Ltd မှ တာဝန်ရှိသူများ မိတ်ဆက်ရှင်းလင်းခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမတွင် မိတ်ဆက်ရှင်းလင်းခဲ့သည်။

 

အခမ်းအနားတွင် Power China International Group Co., Ltd မှ ဦးရန်ဝင်းက Power Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၏ လုပ်ငန်းစဉ် အဆင့်ဆင့်ကို လည်းကောင်း၊ ဦးကြည်သိန်းက ကမ္ဘာပေါ်တွင် Power Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဆောင်ရွက်နေသည့် အခြေအနေကိုလည်းကောင်း၊ Mr. Yaung Jina က တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် Power Solar နှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

 

56

 

ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက “နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် မြင့်မားလာနိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာ၌ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာချိန်တွင် သဘာဝပတ်ဝန်းကျင် အတွက်လည်း ထည့်သွင်းစဉ်းစားလာကြပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် ရေအားအပြင် လေအားနှင့် ဆိုလာစနစ်တို့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး၏ လုပ်ပိုင်ခွင့်သည် 30 MW ဖြစ်ပြီး ကိုယ်ပိုင်ထုတ်လုပ် ဖြန့်ဖြူးရောင်းချရန်အတွက် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ရောင်းချမည်ဆိုပါက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့်သာ ချိတ်ဆက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းနှင့် မိမိတို့အစိုးရအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်တစ်ခုဖြစ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း နည်းပညာများ လာရောက် မိတ်ဆက်ရှင်းလင်းမှုကို ကျေးဇူးတင်ရှိကြောင်း" ပြန်လည်ပြောကြားခဲ့သည်။

 

တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Power China Internation Gruop Co., Ltd မှ Mr. Yang Jina ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဟိန်းထက်(ပြန်/ဆက်)