၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ကျင်းပမည်

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲကို နိုဝင်ဘာတတိယပတ်တွင် စတင်ကျင်းပမည် ဖြစ်သည်။

 

ယင်းပြိုင်ပွဲတွင် ၂၀၁၈-၂၀၁၉ ရာသီ၌ အဆင့် ၁ မှ ၁၀ အထိ ရရှိခဲ့သည့်အသင်း ၁၀ သင်း၊ ခြေစစ်ပွဲအောင် နှစ်သင်း၊ စုစုပေါင်း ၁၂ သင်းဖြင့် ကျင်းပသွားမည် ဖြစ်သည်။

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သတ်မှတ်ချက်အရ ပြီးခဲ့သည့်ရာသီတွင် အောက်ဆုံးရပ်တည်မှုရ နှစ်သင်းမှာ ခြေစစ်ပွဲ အဆင့်မှ ပြန်လည်ကစားရမည်ဖြစ်ပြီး ခြေစစ်ပွဲယှဉ်ပြိုင်မည့် အသင်းများသည် အောက်တိုဘာ ၁၆ ရက်မှ ၃၀ ရက်အထိ စာရင်းပေးသွင်းရမည် ဖြစ်သည်။

 

ပြိုင်ပွဲဝင်အသင်းတစ်သင်းလျှင် ကစားသမား ၁၆ ဦးမှ ၂၀ ဦးအကြား ဖွဲ့စည်းနိုင်မည်ဖြစ်ပြီး နိုင်ငံခြားသား ကစားသမားနှစ်ဦး ထည့်သွင်းအသုံးပြုခွင့်ရမည် ဖြစ်သည်။

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ဖူဆယ်လိဂ်ပြိုင်ပွဲကို နှစ်စဉ်နီးပါး ကျင်းပလျက်ရှိပြီး နောက်ဆုံးကျင်းပသည့် ၂၀၁၈-၂၀၁၉ ရာသီတွင် MIU အသင်း ဗိုလ်စွဲခဲ့သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဖူဆယ်ကလပ်အသင်းများအတွက် တစ်နှစ်လျှင် လိဂ်ပြိုင်ပွဲနှင့် Open Cup ပြိုင်ပွဲတို့ ကျင်းပပေးလျက်ရှိသည်။