မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၉ အောက်တိုဘာ

           

မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အာဟာရဖွံ့ဖြိုးမှုသည် နိုင်ငံသားတိုင်း၏ ကိုယ်ကာယကျန်းမာ ကြံ့ခိုင်ရေးအတွက်သာမက ဉာဏစွမ်းအား ပြည့်ဝမြင့်မားရေးအတွက်ပါ အရေးအကြီးဆုံး အချက်ဖြစ်ပြီး နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် အုတ်မြစ်အခြေခံလည်း ဖြစ်ပါကြောင်း၊ အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံခြင်းသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် “ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအဆင့် အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ (၅)နှစ်စီမံကိန်း (Multi-sectoral national plan of action on nutrition) (၂၀၁၈-၂၀၂၃)” ကိုရေးဆွဲခဲ့ပြီး ဝန်ကြီးဌာနများမှ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ရောဂါဘယများဖြစ်ပွားမှုနှင့် အာဟာရပြည့်ဝဖွံ့ဖြိုးမှု အခြေအနေတို့သည် အပြန်အလှန် ဆက်စပ်လျက်ရှိသောကြောင့် ဝန်ကြီးဌာနအနေဖြင့် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့အာဟာရလှုပ်ရှားမှု Scaling up nutrition (SUN) movement အဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ “ဘဝရှေ့ဆောင် ရက်တစ်ထောင်” ဆောင်ပုဒ်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အာဟာရဖွံ့ဖြိုးမှု အကြံပြုဆွေးနွေးခြင်း၊ ကိုယ်ဝန်ဆောင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များ အာဟာရစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကို ၂၀၁၃ ခုနှစ်မှစတင်၍ ကွန်ရက် (၅)ခုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေးအတွက် လက်တွေ့မြေပြင်တွင် အမှန်တကယ် ဆောင်ရွက်သွားနိုင်မည့် လုပ်ငန်းစဉ်များကို ချမှတ်၍ သက်ဆိုင်သည့် ကဏ္ဍပေါင်းစုံပါဝင်မှု၊ ပညာရှင်ပေါင်းစုံပါဝင်မှု၊ အဖွဲ့အစည်း ပေါင်းစုံပါဝင်မှုတို့ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် အမျိုးသားအဆင့် ဦးဆောင်ကော်မတီအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဝန်ကြီးဌာနအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်း၍ အာဟာရပြည့်ဝသော သီးနှံ၊ သားငါး အမယ်စုံလင်စွာ ထုတ်လုပ်ပေးနိုင်ရေးဟူသည့် ရည်မှန်းချက်များဖြင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာတွင် အမယ်စုံစိုက်ပျိုးထုတ်လုပ်နိုင်ရန် အိမ်ထောင်စုများတွင် ဥယျာဉ်ခြံစိုက်ပျိုးခြင်း၊ သွင်းအားစုများပံ့ပိုးပေးခြင်း (မျိုးစေ့၊ တိရစ္ဆာန်၊ ကျန်းမာရေးစောင့်ရှောက်မှု)၊ ရိတ်သိမ်းချိန်လွန် နည်းပညာများနှင့် ပတ်သက်သော ဗဟုသုတများမျှဝေရန် ဝန်ထမ်းများအား သင်တန်းပေးခြင်း၊ ဝင်ငွေတိုးတက်ရရှိစေရန် မွေးမြူရေးလုပ်ငန်း (ဝက်၊ ဆိတ်၊ တိုင်းရင်းကြက်) တိုးချဲ့ ဆောင်ရွက်ခြင်း၊ အသေးစားငါးမွေးမြူခြင်း လုပ်ငန်းများနှင့် စပါး - ငါး မွေးမြူရေးစနစ်များ စမ်းသပ်လုပ်ကိုင်ခြင်း၊ ဘေးကင်းလုံခြုံသော အစားအစာများ လက်လှမ်းမီရရှိစေရန် လုပ်ကွက်ငယ်တောင်သူများအား ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ၊ ကောင်းမွန်သော မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ ကောင်းမွန်သော ရေလုပ်ငန်းဆိုင်ရာ အလေ့အကျင့်ကောင်းများ စသည်တို့ကို လိုက်နာဆောင်ရွက်ရန် ပညာပေးခြင်း၊ သန့်ရှင်းသော သောက်သုံးရေရရှိရန်အတွက် စက်ရေတွင်းတူးခြင်း အပါအဝင် ရေသန့်ရရှိရေး လုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂမှ ဝန်ကြီးဌာနသို့ အာဟာရမြှင့်တင်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန်အတွက် တိုက်ရိုက်ထောက်ပံ့ရန်ပုံငွေ ယူရိုသန်း ၇၀ နှင့် ဖြည့်စွက်ရန်ပုံငွေ ယူရို ၄၂ သန်း စုစုပေါင်း ယူရို ၁၁၂ သန်းဖြင့် MS-NPAN နှင့် ADS ၏ လုပ်ငန်းစဉ်များကို အထောက်အကူဖြစ်စေမည့် Nutrition Sector Reform Contract - NSRC ကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 

ယင်းနောက် အမျိုးသားအဆင့် ဦးဆောင်ကော်မတီ အဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေးလုပ်ငန်းများတွင် အစွမ်းကုန် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အမျိုးသားအဆင့် ဦးဆောင်ကော်မတီ အဖွဲ့ဝင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ အရည်အသွေးပြည့်ဝသည့် ပညာရေးကိုရရှိနိုင်ရေးနှင့် သင်ယူတတ်မြောက်မှုမြင့်မားရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ကျောင်းစာသင်နှစ်ပြက္ခဒိန်တွင် ကျောင်းကျန်းမာရေး အဆင့်မြှင့်တင်မှုလုပ်ငန်းများကို ထည့်သွင်းရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 

ထို့နောက် အမျိုးသားအဆင့် ဦးဆောင်ကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်း အဝေးဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ ကဏ္ဍပေါင်းစုံ ပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း၏ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် စီမံကိန်းရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ချမှတ်ကြသည်။

 

ယင်းနောက် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အမျိုးသားအဆင့် ဦးဆောင်ကော်မတီ ဉက္ကဌနှင့် အဖွဲ့ဝင်များ ပြည်ထောင်စုဝန်ကြီးများက လုပ်ငန်းပိုင်းဆိုင်ရာများကို ပေါင်းစပ်ညှိနှိုင်းပေးကြသည်။

 

သတင်းစဉ်