ရန်ကုန်မြို့ရဲ့ ကုန်သေတ္တာတင်ယာဉ် ရပ်နားစခန်းသစ် ထွက်ပေါ်လာဦးမည်

မိုးမြင့်လင်းလက်

လေကြောင်း၊ ကုန်းလမ်းသာမက ပင်လယ်ရေကြောင်းနဲ့ပါ ပြည်တွင်း ပြည်ပသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေ လုပ်ကိုင် လို့ရတဲ့ ရန်ကုန်မြို့ဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းတွေ တဖြည်းဖြည်း တိုးတက်များပြားလာပါတယ်။ အထူးသဖြင့် နိုင်ငံတကာနဲ့ ကုန်စည်ပို့ဆောင်ရေးတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့အတွက် ဆိပ်ကမ်းတွေ ကောင်းမွန်ဖို့ လိုအပ်သလို ကုန်သေတ္တာတွေနဲ့ ကုန်သေတ္တာယာဉ်‌တွေ ထားရှိဖို့လည်း မဖြစ်မနေ ဖော်ဆောင်ပေးထားဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ရန်ကုန်မှာတော့ သန်လျင်ကုန်သေတ္တာ ယာဉ်ရပ်နားစခန်း တည်ဆောက်ဖို့အတွက် စီစဉ်နေပြီ ဖြစ်ပါတယ်။


“သန်လျင်မှာ ကုန်သေတ္တာယာဉ်ရပ်နားစခန်း တည်ဆောက်ဖို့ စီစဉ်နေပါတယ်”လို့  ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၈ ရက်က ပြုလုပ် တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဗိုလ်တထောင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးရဲ့ မေးမြန်းမှုကို ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဖြေကြားခဲ့ပါတယ်။


အဲဒီကုန်သေတ္တာယာဉ် ရပ်နားစခန်းဟာ သန်လျင်မြို့မြေတိုင်း ရပ်ကွက်အမှတ် ၆ မှာ ရှိတဲ့ မြေကွက်(၃/ခ) မှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ မြေဧရိယာ အကျယ်အဝန်း ၂၄ ဒသမ ၅၈၈ ဧကပေါ်မှာ အကောင်အထည်ဖော် သွားမှာဖြစ်ပြီး အဲဒီမြေဟာလည်း သန်လျင် မြို့နယ်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲတဲ့ မြေလည်း ဖြစ်ပါတယ်။
သန်လျင်ကုန်သေတ္တာယာဉ် ရပ်နားစခန်းကို ဖော်ဆောင်မယ့် အဲဒီမြေနေရာကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ စီမံခန့်ခွဲပြီး မြန်မာနိုင်ငံ ကုန်သေတ္တာတင်ယာဉ်အသင်းကို ငှားရမ်းပေးသွားနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။


ယာဉ်ရပ်နားစခန်းသစ်တွေ မဖြစ်မနေလို

မြန်မာနိုင်ငံရဲ့ ရေကြောင်းကုန်သွယ်မှုမှာ ရန်ကုန်ဆိပ်ကမ်းတွေနဲ့ မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းဟာ အဓိက အကျဆုံးအဖြစ် တည်ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ရေကြောင်းကုန်သွယ်ရေးမှာ အဓိကကျတဲ့ ဆိပ်ကမ်းတွေဟာ ရန်ကုန်မြို့မှာ တည်ရှိနေတာမို့ ကုန်သင်္ဘောတွေနဲ့ တင်ပို့၊ တင်သွင်းမှုတွေ ပြုလုပ်တဲ့အခါ ကုန်သေတ္တာ ယာဉ်ရပ်နား စခန်းသစ်တွေ မဖြစ်မနေလိုအပ် လာပါတယ်။


နေထိုင်သွားလာရမှု အဆင်မပြေ

အခုလောလောဆယ်မှာ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းမှာရှိတဲ့ ကွန်တိန်နာ ယာဉ်ရပ်နားစခန်းဟာ ပြည်သူတွေ နေထိုင်မှုနဲ့ နီးကပ်နေတာမို့ အခက်အခဲတွေတော့ ဖြစ်ပေါ်နေရပါတယ်။ အဲဒီ ကမ်းနားလမ်းပေါ်မှာ ရပ်နားနေတဲ့ ကွန်တိန်နာတင်ယာဉ်တွေကြောင့် နေထိုင်သွားလာရမှု အဆင်မပြေလို့ ဗိုလ်တထောင်မြို့နယ် အမှတ်(၁)၊ အမှတ် (၂)၊ အမှတ်(၃)၊ အမှတ်(၄) ရပ်ကွက်က ပြည်သူတွေရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။


ဒါကြောင့်မို့ သီလဝါ အထူးစီးပွားရေးဇုန်ကနေ ထွက်ရှိလာတဲ့ ကုန်သေတ္တာတွေ သယ်ယူဖို့၊ သီလဝါဆိပ်ကမ်းကို ကုန်သေတ္တာ ‌တွေ သယ်ဆောင်ဖို့နဲ့ ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံက မြို့ကြီးတွေ၊ စက်ရုံ၊ အလုပ်ရုံ၊ စက်မှုဇုန်တွေ ကုန်ပစ္စည်းတွေ သယ်ဆောင်မယ့် ကုန်သေတ္တာယာဉ်တွေရဲ့ ရပ်နားစခန်းကို သန်လျင်မှာ တည်ဆောက်မှာ ဖြစ်ပါတယ်။


သယ်ယူ၊ ပို့ဆောင်မှုတွေ ပြုလုပ်

မြန်မာနိုင်ငံ ကုန်သေတ္တာတင်ယာဉ်အသင်းမှာ ကုန်သေတ္တာတင်ယာဉ် အစီးပေါင်း ၂၈၀၀ ကျော်ရှိနေပြီး အများစုက ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆိပ်ကမ်းတွေကနေ ကုန်သေတ္တာတွေ သယ်ယူ၊ ပို့ဆောင်မှုတွေ ပြုလုပ် နေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဲဒီ ကုန်သေတ္တာတင်ယာဉ်တွေ ရပ်နားဖို့အတွက် ယာဉ်ရပ်နားစခန်းကို အကောင်အထည်ဖော် နိုင်ရေး ကြိုးစားနေတာ ဖြစ်ပါတယ်။


အခုတည်ဆောက်ဖို့ စီစဉ်နေတဲ့ သန်လျင်ကုန်သေတ္တာ ယာဉ်ရပ်နားစခန်းဟာ ကုန်သေတ္တာယာဉ် အစီးရေ ၈၀၀ ခန့် ရပ်နားနိုင်ဖို့ အကျယ်အဝန်းရှိအောင် မြန်မာနိုင်ငံ ကုန်သေတ္တာတင်ယာဉ်အသင်းက တင်ပြထားတယ်လို့လည်း သိရပါတယ်။ ကုန်သေတ္တာ ယာဉ် ကြီးတွေဟာ ရပ်နားတဲ့အခါ နေရာကျယ်ဝန်းတာမို့ ရန်ကုန်မြို့တွင်း လမ်းမဘေးတစ်ဖက် တစ်ချက်တွေမှာ ရပ်နားဖို့ အဆင်မပြေပါဘူး။


ယာဉ်တွေ ရပ်နားဖို့လည်း အခက်အခဲရှိ

နောက်ပြီး ကုန်သေတ္တာတွေထားရှိတဲ့ ကုန်သေတ္တာစခန်းတွေ အနီးမှာရှိတဲ့ လမ်းမဘေးတွေမှာလည်း အဲဒီယာဉ်တွေ ရပ်နား ဖို့လည်း အခက်အခဲ ရှိနေပါတယ်။ အခုပဲ ဗိုလ်တထောင်မြို့နယ် ဆိပ်ကမ်းအနီး လမ်းမတွေမှာ ထားရှိတဲ့ ကုန်သေတ္တာယာဉ်တွေ ကြောင့် ရပ်ကွက်နေ ပြည်သူတွေအတွက် အဆင်မပြေမှုတွေရှိနေတဲ့ သတင်းတွေ၊ ဝေဖန်မှုတွေ ထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။
ပြည်တွင်း၊ ပြည်ပရေကြောင်းကုန်သွယ်မှုအတွက် ဆိပ်ကမ်းတွေက ကုန်သေတ္တာတွေကို သယ်ယူပို့ဆောင်ဖို့အတွက် ကုန်သေတ္တာယာဉ်တွေဟာ မရှိမဖြစ် လိုအပ်နေတာ ဖြစ်ပါတယ်။ ရန်ကုန်ဆိပ်ကမ်းတွေဖြစ်တဲ့ အေးရှားဝေါလ်၊ ထီးတန်း ဆိပ်ခံတံတား၊ မြန်မာ့စက်မှု ဆိပ်ကမ်း၊ အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား၊ ဗိုလ်အောင်ကျော် ဆိပ်ခံတံတားတို့ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းမှာ ကုန်သေတ္တာ ကိုင်တွယ်မှု TEU ၁ ဒသမ ၄၃ သန်း ရှိခဲ့တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်တဲ့ စာရင်းအင်းတွေမှာ ဖော်ပြထားပါတယ်။


ကုန်သေတ္တာတွေ ပိုမိုများပြား

ဒါ့အပြင် သီလဝါဆိပ်ကမ်းကလည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းမှာ ကုန်သေတ္တာကိုင်တွယ်နိုင်မှု TEU ၁၅၇၇၅၅ ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ မကြာခင်က ဖွင့်လှစ်ခဲ့တဲ့ တိုးချဲ့သီလဝါ ဆိပ်ခံဟာ ဆိုက်ကပ်နိုင်မှု တံတားအရှည် မီတာ ၁၀၀၀ ရှိပြီး အကျယ်အဝန်း ၁၈၅ ဧက ရှိပါတယ်။ တစ်နှစ်ကို ကုန်သေတ္တာ လေးသိန်းခွဲခန့် ကိုင်တွယ်နိုင်တာမို့ နိုင်ငံ တကာနဲ့ ရေကြောင်းကုန်သွယ်မှု တိုးမြှင့် လာတာနဲ့အမျှ ကုန်သေတ္တာတွေ ပိုမိုများပြားလာပြီး ကုန်သေတ္တာတင်ယာဉ်တွေ လိုအပ်မှု လည်း အစီးရေများလာမှာ ဖြစ်ပါတယ်။


အတည်တကျရပ်နားနိုင်
ဒီလိုအခြေအနေတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာ ကုန်သေတ္တာတင်ယာဉ်ကြီးတွေဟာ ကုန်သွယ် မှုတွေအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ အဓိကကျတဲ့ နေရာတစ်ခုက ရပ်တည်နေပါတယ်။ ဒါကြောင့်လည်း ကုန်သေတ္တာတင် ယာဉ်ကြီးတွေ အတည်တကျရပ်နားနိုင်တဲ့ ယာဉ်ရပ်နားစခန်း တစ်ခုလည်း မဖြစ်မနေ လိုအပ်နေတာ ဖြစ်ပါတယ်။


ရန်ကုန်မြို့ရဲ့ စီးပွားရေးဖွံ့ဖြိုးမှု၊ ကုန်သွယ် မှု၊ သယ်ယူပို့ဆောင်ရေးတွေအပြင် ရန်ကုန်မြို့အတွက် ကားလမ်းမတွေပေါ် ပိတ်ဆို့၊ အဟန့်အတား မဖြစ်စေဖို့၊ စနစ်တကျ  ဖွံ့ဖြိုးတိုးတက်နေတဲ့ မြို့ကြီး တစ်မြို့ဖြစ်လာစေဖို့အတွက် သန်လျင်ကုန်သေတ္တာ ယာဉ်ရပ်နားစခန်းဟာ မကြာခင်ကာလမှာ ထွက်ပေါ်လာဖို့ ရှိနေတာတော့ အမှန်ပါပဲ။     ။