မိုင်းယုကျေးလက်တောင်သူများ မိုးအစေ့ထုတ်ပြောင်းစိုက်ပျိုးရာတွင် ယခင်နှစ်ထက် ဈေးနှုန်းအနည်းငယ် ကျဆင်းသော်လည်း ဧကပိုမိုစိုက်ပျိုး ရောင်းချလျက်ရှိ

မိုင်းယု   အောက်တိုဘာ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ကျေးလက်နေတောင်သူများ မိုးအစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် ဈေးနှုန်းအနည်းငယ်ကျဆင်းသော်လည်း ယခင်နှစ်ထက် ဧကပိုမိုစိုက်ပျိုး ရောင်းချလျက်ရှိ ကြောင်း သိရသည်။

မိုင်းယု၌ မိုးအစေ့ထုတ်ပြောင်းမှာ ဒေသပေါက်စျေး တစ်တင်းလျင် ၈၀၀ဝကျပ်ဖြင့် တစ်ဧကလျင် ၈၀ တင်းထိထွက်ပါက ကျပ် ၆၄၀၀၀၀ ထိရရှိကာ ကုန်ကျစရိတ် တစ်ဧကလျင် ကျပ် ၃၀၀၀၀၀ သာကုန်ကျ၍ အမြတ်အစွန်းမှာ ထက်ဝက်ခန့်ရရှိကြောင်း၊ ဆောင်းအစေ့ထုတ်ပြောင်းမှာ အထွက်နှုန်းကျဆင်းပြီး တစ်ဧကလျှင် တင်း ၆၀ ခန့်သာထွက်၍ ကုန်ကျစရိတ်၏ နှစ်ချိုးတစ်ချိုးသာ အမြတ်ရရှိကြောင်း၊ မိုင်းယုတွင် ပြောင်းအမျိုးမျိုးစိုက်ပျိုးလျက်ရှိရာ မိုးရာသီအစေ့ထုတ်ပြောင်းကိုသာ အဓိကအားထား စိုက်ပျိုးလျက်ရှိပြီး ယိုးဒယားမျိုးစေ့များကိုသာ ရွေးချယ်စိုက်ပျိုးကြောင်း၊ ယင်းမျိုးစေ့သည် ဖူးတံကြီးပြီး အစေ့အပြည့်ပါရှိ၍  ရွေးချယ်စိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ မိုင်းယုဒေသအနေဖြင့် မိုးရာသီနှင့် ဆောင်းရာသီဟူ၍ နှစ်ရာသီသာ အဓိကရွေးချယ် စိုက်ပျိုးလျက်ရှိပြီး မိုးရာသီတွင် ထွက်သောပြောင်းမှာ ဆောင်းရာသီတွင် ထွက်သော ပြောင်းထက် အထွက်နှုန်းများ၍ အကျိုးအမြတ်များစွာရရှိကြောင်း ကျေးလက်တောင်သူတစ်ဉီးက ပြောသည်။

မိုင်းယုတွင် မိုးရာသီအစေ့ထုတ်ပြောင်းကို တန်ခူးလတွင် စတင်စိုက်ပျိုးပြီး တော်သလင်းလ လယ်တွင် ရိတ်သိမ်းရပြီး စိုက်ပျိုးစတွင် စိုက်ပျိုးမြေအား ထယ်တစ်ထပ်ထိုး၍ ထွန်နှစ်ထပ်မွှေကာ စိုက်ကြောင်းဆွဲကာ မြေသြဇာ တစ်ဧကလျင် အိတ်ဝက်ခန့်ထည့်ပြီး တစ်ပင်နှင့် တစ်ပင် တစ်ပေခွဲခန့် စိုက်ပျိုးရကြောင်း၊ အပင်ကို ရက်သားအရွယ်တွင်သားခွဲ၍ မြေသြဇာကျွေးခြင်း၊ တစ်လခွဲအရွယ်တွင် ပေါင်လိုက်ခြင်း၍ မြေသြဇာထပ်မံကျွေးခြင်း၊ သုံးလခွဲခန့်အကြာတွင် ပြောင်းကို စတင်ရိတ်သိမ်းနိုင် ကြောင်းနှင့် အစေ့ထုတ်ပြောင်း ယခင်နှစ်က ဧက (၁၈၈၅) ဧကသာစိုက်ပျိုးသော်လည်း ယခုနှစ် စုစုပေါင်း စိုက်ဧကမှာ ဧက(၂၀၀၀)ကျော်ထိ ပိုမိုစိုက်ပျိုးလာကြကြောင်း ၄င်းကဆက်ပြောသည်။

မိုင်းယုမြို့ ကျေးလက်တောင်သူများသည် အစေ့ထုတ်ပြောင်းကို တစ်နှစ်လျင် နှစ်ကြိမ် စိုက်ပျိုးကြပြီး ဆောင်းရာသီထက် အမြတ်အစွန်းပိုမိုရရှိသော မိုးရာသီအစေ့ထုတ်ပြောင်းကိုသာ အဓိက အားထား စိုက်ပျိုးသောကြောင်းနှင့် မိုင်းယုကျေးလက်နေတောင်သူများသည် ယခုနှစ် မိုးအစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် ဈေးအနည်းငယ်ကျဆင်းသော်လည်း ယခင်နှစ်ထက် ဧကပိုမိုစိုက်ပျိုးရောင်းချနေလျက်ရှိ၍ အကျိုးအမြတ်အနည်းငယ်သာရရှိသော်လည်း တောင်သူများ အဆင်ပြေနေလျက်ရှိကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)